နတ်မောက် ဧပြီ ၂၄
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ လေဘေးသင့်ပြည်သူများအား အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က နတ်မောက်မြို့ ကန်ကြီးရပ်ကွက်နှင့် မြို့မရပ်ကွက်သို့ သွားရောက်ပေးအပ်ခဲ့သည်။
နတ်မောက်မြို့နယ်တွင် ဧပြီ ၂၁ ရက်နေ့ ညနေ ၆ နာရီ ၄၅ မိနစ်အချိန်က လေပြင်းတိုက်ခတ်မှုနှင့် မိုးရွာသွန်းမှုကြောင့် လူနေအိမ်များ အမိုးလန်ပျက်စီးခဲ့ကြရာ ကန်ကြီးရပ်ကွက်ရှိ ဦးဇော်ရဲပိုင် လူနေအိမ်နှင့် မြို့မရပ်ကွက်ရှိ ဒေါ်မာမာစီတို့၏ အိမ်မှာ ပြိုလဲပျက်စီးခြင်းတို့ကြောင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဒု-ဦးစီးမှူး ဦးဂေထန်းနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့က တစ်အိမ်ထောင်လျှင် ထောက်ပံ့ပစ္စည်း အမျိုးအမည်ပါ (၁၆)မျိုးဖြစ်သည့် စတီးဇလုံ၊ စတီးပုဂံပြား၊ သောက်ရေခွက်၊ ဓား၊ ဇွန်း၊ ဆပ်ပြာ၊ ရေခွက်၊ ခြင်ထောင်၊ စောင်၊ မျက်နှာသုတ်ပုဝါ၊ တီရှပ်၊ ကျားဝတ်ပုဆိုး၊ မဝတ်လုံချည်၊ ကော်ပုံး၊ တာပေါ်လင်စ၊ ဒန်အိုးတို့ဖြစ်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် အမျိုးသမီးရေးရာအဖွဲ့တို့က လိုအပ်သည့် နေရာများတွင် အသုံးပြုနိုင်ရန် တစ်အိမ်ထောင်လျှင် ထောက်ပံ့ငွေကျပ်(၁၀၀၀၀၀/-)အား အသီးသီး ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
လှဝင်း