ဟားခါး အောက်တိုဘာ ၃
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံအစိုးရနှင့် အိန္ဒိယနိုင်ငံ အစိုးရတို့၏ ချစ်ကြည်ရေး စီမံကိန်းဖြင့် ချင်းပြည်နယ်အတွင်းဆောင်ရွက်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ၂၀၁၅ခုနှစ်မှ အရှိန်အဟုန်မြင့် စတင်ဆောင်ရွက်ခဲ့ရာ ၂၀၂၀ပြည့်နှစ်တွင် လုပ်ငန်းအားလုံး၏ ၁၀၀ရာခိုင်နှုန်း ပြီးစီးခဲ့ကြောင်း သိရှိရသည်။
ချင်းပြည်နယ်အတွင်း ပထမအကြိမ်မှ စတုတ္ထအကြိမ်အထိ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဖြစ်သည့် မြေသားလမ်း(၁၀၈)မိုင်၊ ၂၀၀ပေအထက် လူကူးကြိုးတံတား(၄)စင်း၊ သံဘောင်ဘေလီတံတား(၅)စင်း၊ သံကူကွန်ကရစ်တံတား(၅)စင်း၊ ကွန်ကရစ်ရေပြွန်(၂၄၀)ခု၊ မြေထိန်းနံရံ(၁)ခု၊ စာသင်ကျောင်း (၂၁)ကျောင်း၊ ကျန်းမာရေး အဆောက်အဦ(၉)ခု၊ ရုံးအဆောက်အဦ(၁)ခုနှင့် မြို့နယ်ခန်းမ(၁)တို့ကို ငွေကျပ် (၁.၄)ဘီလီယံကျော်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုတွင် လုပ်ငန်းအားလုံး၏ ၁၀၀ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးမှုကြောင့် ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးအပါအဝင် လူမှုစီးပွားဘဝ တိုးတက်ရေးအတွက် များစွာ အထောက်အကူ ပြုသည့်အပြင် လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာမှုကြောင့် မြို့ပြနှင့်ကျေးလက် လူမှုဆက်ဆံရေး အားကောင်းစေပြီး အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုတိုးတက်လာသည့်အတွက် ဒေသခံပြည်သူများအနေဖြင့် များစွာဝမ်းမြောက်လျက်ရှိကြောင်း ချင်းပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ထံမှ သိရှိရသည်။
ခရိုင်(ပြန်/ဆက်)