လှာကာ-ဖားပု-ကျုံပိုက်-ခဲတောက်-မုက္ကဒိလမ်းပေါ်ရှိ ပေ(၁၀၀)သံကူကွန်ကရစ်တံတားသစ်ဖွင့်လှစ်

ဘားအံ ဧပြီ ၂၃

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကရင်ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကရင်ပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် ၃၉၃ ဒဿမ ၇၀ သန်းဖြင့် ဆောင်ရွက်ပြီးစီးသည့် ဘားအံမြို့နယ်၊ သံလွင်အနောက်ခြမ်း၊ လှာကာ-ဖားပု-ကျုပိုက်-ခဲတောက်-မုက္ကဒိလမ်းပေါ်ရှိ ပေ(၁၀၀)သံကူကွန်ကရစ်တံတားသစ်ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ကျုံပိုက်ကျေးရွာရှိ အဆိုပါတံတားတည်နေရာ၌ ကျင်းပသည်။

အဆိုပါတံတားသည် အကျယ်ပေ(၂၀)၊ အရှည်ပေ(၁၀၀)ရှိ Bore Pile Foundation နှင့် သံကူကွန်ကရစ်တံတားအမျိုးအစားဖြစ်ပြီး သံလွင်မြစ်ကမ်းဘေးရှိ ကျေးရွာချင်းဆက်လမ်းပေါ်တွင် တည်ရှိသောကြောင့် ကျေးရွာများ၏ထုတ်ကုန်များဖြစ်သော ဆန်စပါး၊ ပဲအမျိုးမျိုးနှင့် ရာသီးပေါ်သီးနှံများကို အချိန်တိုအတွင်း သွားလာရောင်းချနိုင်မည်ဖြစ်၍ ကုန်သွယ်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကာ ကျေးရွာအုပ်စု(၃)အုပ်စုမှ ကျေးရွာ(၁၂)ရွာကို အကျိုးပြုစေမည်ဖြစ်သည်။

လှာကာ-ဖားပု-ကျုံပိုက်-ခဲတောက်-မုက္ကဒိလမ်းပေါ်ရှိ ပေ(၁၀၀)သံကူကွန်ကရစ်တံတားသစ်ကို ကရင်ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးဦးစောကျော်ဝင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးရန်မျိုးအောင်၊ ဘားအံခရိုင်အုပ်ချုပ်ရေးမှူးဦးအောင်လွင်၊ ဘားအံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးထင်နှင့်တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် အဆိုပါလမ်းပေါ်၌ ဆောင်ရွက်ရန်ကျန်ရှိသည့် ပေ ၈၀ ကွန်ကရစ်တံတားတစ်စင်း၊ မုက္ကဒိ-မိကရင်လမ်းအား ၁၂ ပေအကျယ်ကွန် ကရစ်လမ်းတစ်မိုင်နှင့် Box Culvert(၃)စင်းတို့ကို ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကရင်ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် တံတားအစင်းပေါင်း ၄၂ စင်းကို အသစ်တည်ဆောက်နိုင်ခဲ့ပြီး ကွန်ကရစ်လမ်း ၂၀ မိုင် ၁ ဖာလုံ၊ ကတ္တရာလမ်း ၁၇ မိုင် ၅ ဖာလုံ၊ ကျောက်လမ်း ၆ မိုင် ၂ ဖာလုံ၊ မြေသားလမ်း ၁ မိုင် ၄ ဖာလုံနှင့် ဂဝံလမ်း ၀ ဒဿမ ၃၆ ဖာလုံတို့ကို အဆင့်မြှင့်တင်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)