သာပေါင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ သတိပြုကာကွယ်အပူဒဏ်အန္တရာယ်အကြောင်းသိကောင်းစရာ အသိပညာပေး Talk Show ကျင်းပ

သာပေါင်း ဧပြီ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် သတိပြုကာကွယ်အပူဒဏ် အန္တရာယ်အကြောင်း သိကောင်းစရာအသိပညာပေး Talk Show ကို ယမန်နေ့ညနေ ၃ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်လဲ့လဲ့ဝင်းမှ သတိပြုကာကွယ်အပူဒဏ်အန္တရာယ်အကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီးနောက် မြန်မာနိုင်ငံ့ရဲ့မြို့နယ်အချို့တွင် ထူးခြားတဲ့နေ့အပူချိန်များကို မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနကနေ နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိရာ ယခုရက်ပိုင်းအတွင်းမှာ အပူချိန်သည် ၄၅ ဒီဂရီစင်တီဂရိတ်အထိ ရောက်ရှိလာပါတယ်၊ ကျန်းမာရေးပညာရှင်တွေရဲ့အဆိုအရ လူတစ်ယောက်ရဲ့ခံနိုင်ရည်အပူချိန်ဟာ ၃၇ စင်တီဂရိတ်အထိသာဖြစ်ပြီး ယင်းထက်အပူချိန် ပိုမိုမြင့်တတ်လာပါက အပူဒဏ်ရဲ့အန္တရာယ်ကို ခံစားကြရမှာဖြစ်ပါတယ်၊ အဲ့ဒီအပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်လာမယ်ဆိုရင် သူ့ရဲ့လက္ခဏာတွေကတော့-ဂဏှာမငြိမ်ခြင်း၊ ခေါင်းမူးနောက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ တစ်ကိုယ်လုံးနုံးချိပျော့ခွေခြင်းနှင့် ကြွက်တက်ခြင်း၊ ချွေးအလွန်အကျွံထွက်ခြင်းကြောင့် ခန္ဓာကိုယ်အရေပြားအေး၍စိုစွတ်ခြင်း၊ ခန္ဓာကိုယ်အပူချိန်မြင့်တက်ခြင်း၊ (ခ)အပူဒဏ်ကြောင့် သတိလစ်ခြင်း(Heat Stroke) ခန္ဓာကိုယ်အပူချိန် အလွန်အကျွံမြင့်တက်လာခြင်း၊အရေပြားပူ၍ခြောက်သွေ့ခြင်း (သို့မဟုတ်)ချွေးခမ်းခြောက်ခြင်း၊ ကယောင်ကတမ်းဖြစ်ခြင်း၊ သတိလစ်ခြင်း၊ တက်ခြင်း၊ အပူဒဏ်အန္တရာယ်ကျရောက်သည့်လူနာကို အရေးပေါ်ရှေးဦးပြုစုခြင်း လူနာကို အရိပ်ရပြီးအေးမြသော နေရာသို့ရွေ့ထားပါ၊ လေပန်ကာ၊ လေအေးပေးစက် ဖွင့်ထားပေးပါ မရှိပါက ယပ်ခတ်ပေးပါ၊ လူနာ၏ ခြေရင်းဘက်ကို မြှင့်ထားပေး၍ ပက်လက်အနေအထားဖြင့်ထားပါ၊လူနာ၏ အဝတ်အစားများကို ချွတ်ပါ၊ လူနာ၏ လည်ပင်း၊ ချိုင်းနှစ်ဘက်၊ ပေါင်ခြံနှစ်ဘက်တို့ကို ရေပတ်တိုက်ပါ၊ လူနာကောင်းစွာသတိရနေပါက ရေအေးအေး(သို့)ဓာတ်ဆားရည်တိုက်ပါ။တကယ်လို့ အပူဒဏ်ကြောင့် သတိလစ်ခြင်းဖြစ်ပွားမည့်လက္ခဏာများပေါ်ပေါက်ပါက အသက်အန္တရာယ်ထိခိုက်နိုင်တဲ့အတွက် နီးစပ်ရာဆေးရုံ၊ ဆေးခန်းသို့ ချက်ချင်းပို့ဆောင်ပေးရပါ့မယ်။ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် အပူဒဏ်နဲ့ပတ်သတ်ပြီး နေ့စဉ် သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြားကနေ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး နေ့စဉ်ဖော်ပြပေးနေလျက်ရှိပြီးတော့ ကျွန်မတို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ရုံးရှေ့မြေစိုက်နံရံကပ်ဘုတ်တွေနဲ့ Talk Show အစီအစဉ်တွေကနေပြီးတော့လည်း အများပြည်သူများသိရှိစေရေး တင်ဆက်ပေးလျက်ရှိပါကြောင်း ရှင်းလင်းပြောကြားပြီးနောက် ဆက်လင်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူးဦးအောင်တင်က အပူဒဏ်အန္တရာယ်ကာကွယ်ရေးနှိုးဆော်ချက် နွေရာသီတွင်ရာသီဥတုပူပြင်းလာပြီဖြစ်သဖြင့် ခန္ဓာကိုယ်အတွင်းရှိ ရေနှင့်ဓာတ်ဆားဓာတ်များ ဆုံးရှုံးမှုပိုမိုများပြားပါသည်။ အပူဒဏ်အန္တရာယ်ကြောင့် မိတ်နှင့်ယားဖုများထွက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ မူးဝေခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်တက်ခြင်း၊ချွေး ခြောက်ခြင်း၊ ကိုယ်အပူချိန်မြင့်တက်ခြင်း၊ သတိလစ်ခြင်းတို့အပြင် ပြင်းထန်စွာခံစားရပါက အသက်အန္တရာယ်ထိခိုက်နိုင်ပါသည်။

ပြည်သူများအနေဖြင့် အပူဒဏ်အန္တရာယ်ကြောင့် မလိုလားအပ်သော အကျိုးဆက်များ မဖြစ်ပေါ် စေရေးအတွက် အောက်ဖော်ပြပါအချက်များကို လိုက်နာကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ (၁)ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများနှင့် ဆီးချိုရောဂါ၊ နှလုံးရောဂါ၊သွေးတိုးရောဂါအခံရှိသူများအနေဖြင့် နေ့လယ်နေ့ခင်းအချိန်တွင် အရိပ်ရအေးမြ၍ လေဝင်လေထွက်ကောင်းသောနေရာများတွင် နားနေပါ၊ (၂)ပူပြင်းသည့်နေရောင်အောက်တွင် ပြင်းထန်စွာအလုပ်လုပ်ခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းတို့ကို ရှောင်ကြဉ်ပါ၊ (၃)ပူပြင်းသည့်နေရောင်အောက်တွင် သွားလာလှုပ်ရှားရန်၊အလုပ်လုပ်ရန်လိုအပ်ပါကလည်း အရိပ်လုံလောက်စွာရနိုင်သည့် ထီး၊ ဦးထုပ်များဆောင်းသွားပါ၊ အရိပ်ရအေးမြသည့်နေရာများတွင် ခေတ္တအနားယူခြင်းကိုလည်း မကြာခဏပြုလုပ်ပါ။

(၄)အလင်းပြန်သောအဖြူရောင်(သို့မဟုတ်) အရောင်ဖျော့သော ပွပွချောင်ချောင် ချည်ထည်များကို ဝတ်ဆင်ပါ၊(၅)နေပူထဲမှပြန်လာပြီး ချက်ချင်းရေချိုးခြင်းနှင့် နံနက်(၁၀)နာရီမှ ညနေ(၅)နာရီအထိ လွင်တီးခေါင်ပြင်၊မြစ်ကမ်းနား၊ရေချိုးဆိပ်များ၌ အဝတ်လျှော်ဖွပ်ခြင်း၊ ရေချိုးခြင်းစသည်တို့ကို ရှောင်ကြဉ်ပါ၊ (၆)အရက်သေစာသောက်သုံးခြင်းကြောင့် အပူဒဏ်အန္တရာယ်ကို ပိုမိုခံစားရစေနိုင်ပြီး ဖြစ်ပွားပါက ပိုမို ပြင်းထန်စွာ ခံစားရနိုင်သဖြင့် ရှောင်ကြဉ်ပါ၊(၇)ခန္ဓာကိုယ်အတွင်း ရေနှင့်ဓာတ်ဆားဓာတ်များ ဆုံးရှုံးမှုမဖြစ်ပေါ်စေရန် ရေနှင့်ဓာတ်ဆားရည်ကိုလုံလောက်အောင် သောက်သုံးပါ၊(၈)မိတ်နှင့် ယားဖုများထွက်ပါက ရေအေးဝတ်ကပ်ခြင်း၊သနပ်ခါးလိမ်းခြင်းတို့ကို ပြုလုပ်ပါ၊(၉)အပူဒဏ်အန္တရာယ်ခံစားရသောလူနာအား အရိပ်ရအေးမြ၍ လေဝင်လေထွက်ကောင်းသောနေရာတွင် ထားရှိခြင်း၊ရေနှင့်ဓာတ်ဆားရည်များသောက်သုံးစေခြင်း၊ လူနာ၏ခန္ဓာကိုယ်အပူချိန် အမြန်ကျဆင်း စေရန် နဖူး၊လည်ပင်း၊ချိုင်းကြား နှစ်ဖက်နှင့် ပေါင်ခြံနှစ်ဖက်တို့အား ရေအေးပတ်တိုက်ပေးခြင်းစသည်တို့အား ဦးစွာဆောင်ရွက်၍ နီးစပ်ရာဆေးရုံ/ဆေးခန်း/ကျန်းမာရေးဌာနသို့ အမြန်ဆုံးသွားရောက် ပြသ၍ကုသမှုခံယူစေပါ-စသည်ဖြင့် ဆောင်ရန်/ရှောင်ရန် လိုက်နာရန်အချက်အလက်တို့အား အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။

မျိုးဇော်သိန်း (သာပေါင်းပြန်/ဆက်)