ပွင့်ဖြူ ဧပြီ ၂၃
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်သစ်တောဦးစီးဌာနက ယခုလာမည့် ၂၀၂၃ ခုနှစ် မိုးရာသီတွင် မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရေး ၊ သဘာဝတောများ ကောင်းမွန်စေရေးနှင့် သစ်တောပြုန်းတီးမှုကြောင့် ကြုံတွေ့ရသည့် သဘာဝဘေးအန္တရာယ်နှင့် ရာသီဥတုအပူဒဏ် ကာကွယ်နိုင်ရေးအတွက် လူထုဖြန့်အစီအစဉ်ဖြင့် ပျိုးပင်ပေါင်း လေးသောင်း အခမဲ့ဖြန့်ဝေစိုက်ပျိုးသွားမည်ဖြစ်ကြောင်း အဆိုပါမြို့နယ်သစ်တောဦးစီးဌာနရုံးမှ သိရသည်။
ထိုသို့ လူထုဖြန့်အစီအစဉ်ဖြင့် အခမဲ့စိုက်ပျိုးခြင်းကို မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများ ၊ ဌာနဆိုင်ရာရုံးများ၊ အခြေခံပညာစာသင်ကျောင်းများ ၊ တပ်ရင်းတပ်ဖွဲ့များနှင့် သာသနာ့နယ်မြေများအတွင်း ကျွန်း ၊ မယ်ဇလီ ၊ ရေတမာ ၊ သစ်ဆိမ့် ၊ တမာ ၊ စိန်ပန်းကြီး ၊ ကုက္ကို ၊ မျှင်ဝါး ၊ ဇီး ၊ ယူကလစ် ၊ ရှား ၊ ခရေ စသည့် အရိပ်ရပျိုးပင် လေးသောင်းအား ဖြန့်ဝေစိုက်ပျိုးသွားမည်ဖြစ်ကြောင်းသိရကာ ယခုအခါ မြို့မပျိုးဥယျာဉ်ခြံ၌ အရိပ်ရပျိုးပင်များကို ပြုစုပျိုးထောင်ထားရှိပြီး ဖြစ်ကြောင်းသိရသည်။
"ယခု လာမည့် ၂၀၂၃ ခုနှစ် မိုးရာသီမှာ မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးအတွက် လူထုဖြန့်အစီအစဉ်ဖြင့် အခမဲ့ဖြန့်ဝေစိုက်ပျိုးရန် ကျွန်း ၊ မယ်ဇလီ ၊ ရေတမာ ၊ သစ်ဆိမ့် ၊ တမာ ၊ စိန်ပန်းကြီး ၊ ကုက္ကို ၊ မျှင်ဝါး ၊ ဇီး ၊ ယူကလစ် ၊ ရှား ၊ ခရေ စသည့် အရိပ်ရပျိုးပင် လေးသောင်းကို မြို့မပျိုးဥယျာဉ်ခြံ၌ ပြုစုပျိုးထောင်ထားရှိပြီးဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်းလဲ အရိပ်ရပျိုးပင်များကို ပြုစုပျိုးထောင်ပြီး ဒေသတွင်း စိမ်းလန်းစိုပြည်ရေးနဲ့ ရာသီဥတုကောင်းမွန်မျှတစေရန်အတွက် ပြည်သူများ၏ နေအိမ်ခြံဝန်းများ ၊ တပ်ရင်းတပ်ဖွဲ့များ ၊ ဌာနဆိုင်ရာရုံးများ ၊ အခြေခံပညာစာသင်ကျောင်းများနဲ့ သာသနာ့နယ်မြေများတွင် စိုက်ပျိုးဆောင်ရွက်လျက်ရှိပါတယ်။ ယခုလို လူထုဖြန့်အစီအစဉ်ဖြင့် စိုက်ပျိုးရခြင်းရဲ့ရည်ရွယ်ချက်ကတော့ ဒေသခံပြည်သူလူထု သစ်တောသစ်ပင်များကို ချစ်မြတ်နိုးပြီး တန်ဖိုးထားထိန်းသိမ်းတတ်စေဖို့ ၊ သစ်တောသစ်ပင်များရဲ့ အကျိုးကျေးဇူးတွေကို သိရှိနားလည်းပြီး ဒေသတွင်း ဆောင်ရွက်နေတဲ့ သဘာဝပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းရေးနဲ့ စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်လိုတဲ့ အလေ့အကျင့်များရရှိစေဖို့ ၊ စည်းကမ်းမဲ့ သစ်တောသစ်ပင်များ ခုတ်လှဲခြင်းများ ရှောင်ကြဉ်နိုင်စေဖို့ စတဲ့ရည်ရွယ်ချက်နဲ့ အကောင်အထည်ဖော် စိုက်ပျိုးဆောင်ရွက်ပေးရခြင်းဖြစ်ပါတယ်"ဟု ပွင့်ဖြူမြို့နယ်သစ်တောဦးစီးမှူး ဦးအောင်မော် က ပြောကြားသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )