ဝက်ထီးကန် ဧပြီ ၂၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ဝက်ထီးကန်မြို့နယ်ရှိ ကျေးရွာများမှာ ဖီးကြမ်းငှက်ပျောစိုက်ပျိုးခြင်းကို ယခင်က တစ်နိုင်တစ်ပိုင်သာ စိုက်ပျိုးကြသော်လည်း အမြတ်များများကျန်သည့်အတွက် စီးပွားဖြစ်တိုးချဲ့စိုက်ပျိုးလာကြကြောင်း ဒေသခံငှက်ပျောစိက်တောင်သူများထံမှ သိရသည်။
ငှက်ပျောပင်များ စိုက်ပျိုးသည့်အခါ သားတက်များကို အရွယ်ငယ်ငယ်နှင့် စိုက်ပျိုးသည့်နည်းနှင့် သားတက်ကြီးမှ စိုက်ပျိုးသည့်နည်းဟူ၍ နှစ်မျိုးရှိသည်။ အရွယ်ငယ်ငယ်နှင့် စိုက်ပျိုးလျှင် အဖီးများများကျပြီး ၁၀ လကြာမှ ငှက်ပျောခိုင်ထွက်သည်။ သားတက်ကြီးမှ စိုက်ပျိုးလျှင် ၈ လလောက်ဖြင့် ငှက်ပျောခိုင်ထွက်သော်လည်း ငှက်ပျောဖီးနည်းသွားတတ်သည်။ ဒါကြောင့် စိုက်ခင်းပိုင်ရှင်များက သားတက်ငယ်ငယ်ကိုသာ ဖမ်း၍စိုက်ပျိုးကြသည်။
ငှက်ပျောဆို့များကို စိုက်ပျိုးပြီး ၁၀ လကြာလျှင် ငှက်ပျောခိုင်ထွက်၍ အခိုင်ထွက်ပြီး ၃ လလောက်ဖြင့် ခုတ်၍ ရောင်းချလို့ ရကြသည်။ သားတက်ငယ်ငယ်ဖြင့် စိုက်ပျိုးပါက ငှက်ပျောခိုင်တစ်ခိုင်လျှင် ငှက်ပျောဖီး ၁၂ ဖီးအထိပါရှိ၍ တစ်ဖီးလျှင်ပျမ်းမျှ ၈၀၀ ကျပ်ဈေး ဖောက်သည်ပေးရသည့်အတွက် တစ်ဧကလျှင် အပင် ၅၀၀၀ ဝန်းကျင် စိုက်ပျိုးထားသော သူ့၏ငှက်ပျောခြံတွင် တစ်နှစ်လျှင် သိန်း ၄၀ ဝန်းကျင် ရရှိနေကြောင်း လဘကျေးရွာ ငှက်ပျောခြံပိုင်ရှင် ဦးမင်းဇော်ဦးထံမှ သိရသည်။
ငှက်ပျောပင်များစိုက်ပျိုးရာတွင် ဝက်ထီးကန်မြို့ အနီးအနား ကျေးရွာများဖြစ်သော ချောင်းကောက်ကွေ့၊ သရက်ချို၊ လဘ၊ ပုဏ္ဏမနှင့် ကုန်းဇင်းကျေးရွာများတွင် မိသားစုစားဝတ်နေရေးအတွက် အထောက်အကူဖြစ်သော ငှက်ပျောစိုက်ပျိုးခြင်းအား တစ်နိုင်တစ်ပိုင်မှ တိုးချဲ့စိုက်ပျိုးလာကြကြောင်း ငှက်ပျောစိုက်တောင်သူဦးမင်းဇော်ဦးက ပြောပြသည်။
ကိုနိုင်လေး(ဝက်ထီးကန်)