ပွင့်ဖြူ ဧပြီ ၂၃
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစည်ပင်သာယာဈေးတွင် ဖွင့်လှစ်ရောင်းချလျက်ရှိသည့် သား/ငါးတန်းဈေးဆိုင်ခန်းများ အမိုးနှင့်ရောင်းချခုံများ သန့်ရှင်းသပ်ရပ်စွာဖြင့် တစ်ပြေးညီစနစ်တကျဖွင့်လှစ်ရောင်းချနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၉:၃၀ နာရီက အဆိုပါမြို့မစည်ပင်သာယာ ဈေးအတွင်းရှိ ဈေးခေါင်းရုံး၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင် ဦးစွာမြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထိုက်အောင်က ဒေသခံပြည်သူလူထုအတွက် နေ့စဉ်စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းအမျိုးမျိုး ရောင်းဝယ်လျက်ရှိသည့် မြို့မစည်ပင်သာယာဈေးကြီးအား စဉ်ဆက်မပြတ် သန့်ရှင်းသပ်ရပ်မှုရှိစေရေး စနစ်တကျကြတ်မတ်ဆောင်ရွက်လျက်ရှိကြောင်း ဈေးသူဈေးသားများ စနစ်တကျ ဖွင့်လှစ်ရောင်းချနိုင်ရေးအတွက် ယခုနှစ်တွင် ဈေးရုံအဆောက်အဦကိုလည်း အဆင့်မြှင့်တင်ထိန်းသိမ်းပြုပြင် ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုအချိန်တွင် ရာသီဥတုအပူချိန်မြင့်မားလာသည့်အတွက် ဈေးသူဈေးသား များအနေဖြင့် ဈေးမီးဘေးလုံခြုံရေး အထူးဂရုပြုဆောင်ရွက်ကြစေလိုကြောင်း၊ ဒေသခံပြည်သူလူထုအား သား/ငါးနှင့် ဟင်းသီးဟင်းရွက်၊ စားသောက်ကုန်ပစ္စည်းများ ရောင်းချရာ၌ သန့်ရှင်းလတ်ဆတ်မှုရှိစေရေး အလေးထားဆောင်ရွက်ကြရန်လိုအပ်ကြောင်း ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်က မြို့မစည်ပင်သာယာဈေးအတွင်း ရောင်းချနေသည့် သား/ငါးဈေးတန်းအား သန့်ရှင်းသပ်ရပ်မှုရှိစေရေး ဈေးဆိုင်ခန်းအမိုးနှင့် သား/ငါးခုံများ တစ်ပြေးညီဖြစ်စေရန် ပြုပြင်ရမည့်လုပ်ငန်းများနှင့် လိုက်နာရမည့်စည်းကမ်းချက်များကို ချပြရှင်းလင်း ဆွေးနွေးခဲ့သည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသည့် သား/ငါးဈေးဆိုင်လုပ်ငန်းရှင်းများက သား/ငါးရောင်းချရာတွင် တွေ့ကြုံရသည့် အခက်အခဲများနှင့် လိုက်နာရမည့် စည်းကမ်းချက်များအပေါ် မေးမြန်းဆွေးနွေးကြရာ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးကာ သား/ငါး ဈေးသည်များစနစ်တကျ ဖွင့်လှစ်ရောင်းချနိုင်ရေး သား/ငါးရောင်းချရန်နေရာများအား ကွင်းဆင်းတိုင်းတာ၍ နေရာအသီးသီး သတ်မှတ်ပေးခဲ့ကြကြောင်း သိရသည်။
လှိုင်ဝင်လေး ( ပွင့်ဖြူမြေ )