အစိုးရနည်းပညာအထက်တန်းကျောင်း(GTHS)မှ အောင်မြင်သူများ ကြံခင်းမြို့နယ်(ချင်းမြောင်) စက်မှုစိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်းတွင် တက်ရောက်နိုင်ရေး အခွင့်အလမ်းနှင့် စပ်လျဉ်းသည့် ဆွေးနွေးပွဲကျင်းပ

ကြံခင်း   ဧပြီ   ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှစ၍ ဖွင့်လှစ်မည့် စက်မှုစိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်း(ချင်းမြောင်)တွင် အစိုးရနည်းပညာအထက်တန်းကျောင်း (Government of Technological Hight School-GTHS)မှ အောင်မြင်သူများ တက်ရောက်နိုင်ရေး အခွင့်အလမ်းများနှင့်စပ်လျဉ်းသည့် ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် (၉) နာရီက အဆိုပါ စက်မှုစိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊  နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဌေးသွင်က  စက်မှုသင်တန်းကျောင်း ဖွင့်လှစ်ခြင်းနှင့်ပတ်သက်ပြီး အစိုးရနည်းပညာအထက်တန်းကျောင်း(GTHS) အောင်မြင်သူများ ဆက်လက်တက်ရောက်နိုင်မည့် အခွင့်အရေးနှင့်စပ်လျဉ်းသည့် အချက်များ၊ သင်ကြားပေးမည့်ဘာသာရပ်နှင့် ထောက်ပံ့ပေးမည့် အစီအစဉ်များအား ရှင်းလင်းပြောကြားခဲ့ရာ တက်ရောက်လာသူများမှ  သိလိုသည့်အချက်များအား မေးမြန်းကြရာ ညွှန်ကြားရေးမှူးချုပ်က ပြန်လည်၍ရှင်းလင်းဖြေကြားခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲသို့ မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့်အဖွဲ့ဝင်များ၊ ခရိုင် ပညာရေးမှူး ဦးမြင့်အောင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းတန်နှင့်အဖွဲ့ဝင်များ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူး ဒေါ်ဌေးဌေးနှင့် ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းကော်မတီဝင်များ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါစက်မှုစိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်း(ချင်းမြောင်)တွင် စက်မှုဘာသာရပ်တွင် ကျောင်းသား/သူ (၃၀) ဦး၊ စိုက်ပျိုးရေးဘာသာရပ်တွင် ကျောင်းသား/သူ (၃၀) ဦးနှင့် မွေးမြူရေးဘာသာရပ်တွင်လည်း ကျောင်းသား/သူ (၃၀) ဦး တက်ရောက်နိုင်ရေး စီစဉ်ဆောင်ရွက်ထားကြောင်း၊ အခြေခံပညာ အဋ္ဌမတန်းအောင်မြင်ပြီးသည့် ကျောင်းသား/သူများ တက်ရောက်နိုင်ပြီး တစ်နိုင်ငံလုံးအနေဖြင့် စက်မှုစိုက်ပျိုးမွေးမြူရေးတွဲဖက်ဖွင့်လှစ်ထားသည့် အခြေခံပညာအထက်တန်းကျောင်းပေါင်း (၅၀) ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)