ချောင်းသာ ဧပြီ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့အား မြို့အဆင့်အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာသော မြို့ဖြစ်ပေါ်လာစေရေး အပတ်စဥ်စနေနေ့တိုင်း ဆောင်ရွက်လျက်ရှိရာ မြို့အဆင့်ဌာနဆိုင်ရာများပါဝင်သောပူးပေါင်းအဖွဲ့က ယမန်နေ့နံနက်(၇)နာရီအချိန်က ချောင်းသာမြို့ ချောင်းသာကမ်းခြေတစ်လျှောက်ကို စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူးဦးသီဟအောင်၊ မြို့စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးတင်လှမိုးနှင့် မြို့အဆင့်ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီစေတနာ့လုပ်အားရှင်များအဖွဲ့မှ အဖွဲ့များခွဲကာ ကမ်းခြေတစ်လျှောက် စည်းကမ်းမဲ့စွန့်ပစ်ထားသည့် ပလပ်စတစ်များ၊ အမှိုက်များအား ကောက်ယူသိမ်းဆည်းခြင်းများဆောင်ရွက်ခဲ့ကြပြီး မြို့စည်ပင်သာယာရေးအဖွဲ့ပိုင် အမှိုက်သိမ်းယာဥ်ဖြင့် စနစ်တကျစွန့်ပစ်ခဲ့ကြသည်။
ချောင်းသာမြို့အား သန့်ရှင်းသာယာသောမြို့ဖြစ်လာစေရေးအတွက်အပတ်စဉ် စနေနေ့တိုင်း မြို့အုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် မြို့စည်ပင်သာယာရေးအဖွဲ့များ၊ မြို့ဌာနဆိုင်ရာများပူးပေါင်းကာ စုပေါင်းသန့်ရှင်းရေးများနှင့် ပလပ်စတစ် Campaign ကို အပတ်စဥ် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ဇော်လေး (ပြန်/ဆက်)