ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

ပုသိမ်      ဧပြီ        ၂၃

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူးကျင်းပသော ယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲ အခမ်းအနားအား ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ သင်တန်းသား၊ သင်တန်းသူများတက်ရောက်ခဲ့ကြသည်။

ဦးစွာ သင်တန်းအား “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီးနောက်  တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ယဉ်ကျေးလိမ္မာသင်တန်းအား ဗုဒ္ဓဘာသာကလျာဏယုဝအသင်းမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဆရာ၊ ဆရာမများက သင်ကြားပို့ချပေးမှာဖြစ်ပါကြောင်း၊ နွေရာသီကျောင်းပိတ်ကာလတွင် ကျောင်းသား၊ ကျောင်းသူများအတွက် အားကစားနှင့်ပတ်သက်သည့် သင်တန်းများအား မြို့နယ်များ၌ ဖွင့်လှစ်ပေးနိုင်ခဲ့ပါကြောင်း၊ မိမိတိုင်းဒေသကြီးအတွင်းမှယဉ်ကျေးလိမ္မာသင်တန်းများအပါအဝင် ယဉ်ကျေးမှုစာမေးပွဲများ ဖြေဆိုနိုင်ရန်နှစ်စဉ်နှစ်တိုင်း ဝင်ရောက်ဖြေဆိုလျက်ရှိပြီး အောင်မြင်စွာဖြေဆိုင်နိုင်ရေးသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်းအကြားအလပ်မရှိ  နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်၊ ဘာသာ၊ သာသနာရေးဆိုင်ရာသိသင့်သိထိုက်သည်များအား သေသေချာချာသိရှိနားလည်စေရန် ဖွင့်လှစ်ခြင်းလည်းဖြစ်ပါကြောင်း၊ သင်ကြားပို့ချရာတွင် (၃၈)ဖြာမင်္ဂလာ၊ ဗုဒ္ဓဝင်ဘုရားရှိခိုး၊  ပြည်သူ့နီတိနှင့်ရုပ်စုံဗုဒ္ဓသာသနာဝင်တို့အား သင်ကြားသွားမှာဖြစ်ပါကြောင်း၊သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်ကြားသည့်ဘာသာရပ်များအား လေ့လာမှတ်သား ဆောင်ရွက်ရန်နှင့် စာမေးပွဲဖြေဆို၍ သင်တန်းဆင်းအောင်လက် မှတ်များချီးမြှင့်ပေးမှာဖြစ်ပါကြောင်း၊ ယဉ်ကျေးလိမ္မာသင်တန်းအား တက်ရောက်ကြသည့် သင်တန်းသား၊ သင်တန်းသူများ အခြေခံအနေဖြင့် ဗုဒ္ဓဘာသာအား ပို၍သက်ဝင်ယုံကြည်မှုရှိလာစေရန်နှင့် မြန်မာ့ယဉ်ကျေးမှု အစဉ်အလာကောင်းများဖြစ်သည့် ဗုဒ္ဓစာပေသင်ကြားမှုများကိုဆက်လက်ထိန်းသိမ်းပြီး ယဉ်ကျေးလိမ္မာ၍ အမျိုး၊ ဘာသာ၊ သာသနာကို ထိန်းသိမ်းစောင့်ရှောက်တတ်စေရန်နှင့် ဗုဒ္ဓဘာသာမြန်မာ့ယဉ်ကျေးမှုအစဉ်အလာများကို ထိန်းသိမ်းစောင့်ရှောက်နိုင်ပါစေကြောင်း”အမှာစကားပြောကြားသည်။

ဆက်လက်၍ ယဉ်ကျေးလိမ္မာသင်တန်း သင်ကြားမှုကြီးကြပ်ရေးတာဝန်ခံအဖွဲ့ တိုင်းဒေသကြီး ဗုဒ္ဓဘာသာကလျာဏယုဝအသင်း ဥက္ကဋ္ဌက သင်ကြားရေးနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ယဉ်ကျေးလိမ္မာသင်တန်းအတွက် ရုပ်စုံဗုဒ္ဓသာသနာဝင်စာအုပ်ရေ(၂၀၀)၊ ပြည်သူ့နီတိစာအုပ်ရေ (၂၀၀)နှင့်  ဗလာစာအုပ်များနှင့် စာရေးကိရိယာများအား ယဉ်ကျေးလိမ္မာသင်တန်း သင်ကြားမှုကြီးကြပ်ရေးတာဝန်ခံအဖွဲ့ တိုင်းဒေသကြီးဗုဒ္ဓဘာသာကလျာဏယုဝအသင်းဥက္ကဋ္ဌထံသို့လည်းကောင်း၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းဗဟိုအဖွဲ့ကလှူဒါန်းသော (၃၈)ဖြာမင်္ဂလာ ဗုဒ္ဓဝင်ဘုရားရှိခိုးစာအုပ်ရေ(၂၀၀)အား  တိုင်းဒေသကြီး ဗုဒ္ဓဘာသာကလျာဏယုဝအသင်းအတွင်းရေးမှူးမှ တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီးထံသို့လည်းကောင်း အသီးသီးပေးအပ်လှူဒါန်းခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် သင်တန်းသား၊ သင်တန်းသူများက ယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲအား “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု”သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။ အဆိုပါသင်တန်းအား ကျောင်းသား၊ ကျောင်းသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများဖြင့် သင်တန်းသား၊ သင်တန်းသူ (၁၈၅)ဦးတက်ရောက်ခဲ့ပြီး ယခုလ ၂၁ ရက်နေ့မှ ၂၇ ရက်နေ့အထိ သင်ကြားသွားမှာဖြစ်ပြီး သင်တန်းဆင်းအောင်လက်မှတ်များ ချီးမြှင့်ပေးအပ်သွားမှာဖြစ်ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)