ရွှေတောင် ဧပြီ ၂၃
စာအုပ်၊ စာပေကိုချစ်မြတ်နိုးသူများ စာပေကိုမြတ်နိုးတန်ဖိုးထားတတ်စေရန်၊ စာပေ၏တန်ဖိုးကိုနားလည်စေရန်နှင့် အပြန်အလှန် ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက်ပိုင်းက စာအုပ်စာပေဝါသနာရှင်များ၊ စာပေချစ်သူများ Book Club နှင့် မုဒိတာ စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ မုဒိတာစာဖတ်ဝိုင်းတွင် စာပေချစ်သူများ Book Club အသင်းနာယကဆရာကြီး ဦးအုန်းမောင်စာရေးဆရာမောင်အေးငြိမ်း-သရက်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ငြိမ်းငြိမ်းသန့်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ စာရေးဆရာ "နတ်သျှင်(ရွှေဂူ)"ရေးသားသော" လူငယ်များကို ပျိုးထောင်ပေးပါ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပရာ ဆရာကြီဦးအုန်းမောင်က "လူငယ်များကို ပျိုးထောင်ပေးပါ " ခေါင်းစဉ်ပါ" "စာသင်ခန်းတစ်ခန်းအတွင်း ဆရာတစ်ယောက်၏ အောင်မြင်မှုသည် သူ၏တပည့်များမည်မျှတော်နေသည့်အပေါ်၌ အခြေခံပေသည်၊ အိမ်တစ်အိမ်အတွင်း မိဘများ၏အောင်မြင်မှုသည် သားသမီးများ မည်မျှလိမ္မာသည့်အပေါ်၌ မူတည်သည် "ဆိုသည့်အကြောင်းနှင့် စာပေချစ်သူများBook Club အသင်းဆရာကြီးဦးစိန်လှက "မိတ်ဆွေကောင်းနှင့်ခရီးသွားပါ"ခေါင်းစဉ်ဖြင့်လည်းကောင်း ဖတ်ကြားဆွေးနွေးခဲ့ရာ တက်ရောက်လာသည့်စာပေချစ်သူ လူငယ်မောင်မယ်များက အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)