ဖောင်းပြင်မြို့တွင် ဘိလပ်မြေအိတ်များ ပြတ်လှပ်

ဖောင်းပြင် ဧပြီ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် ဆောက်လုပ်ရေးတွင်အသုံးပြုသည့် ဘိလပ်မြေအိတ်များပြတ်လှပ်နေပြီး ဘာသာရေးကျောင်းများ၊ ပုဂ္ဂလိကအဆောက်အဦးများ၊ ပြည်သူလူထုတို့အနေဖြင့် လူနေအိမ်နှင့်အခြားအဆောက်အဦးများ ဆောက်လုပ်ရန်အတွက် အခက်အခဲများဖြစ်ပေါ်လျက်ရှိကြောင်း ဒေသခံများထံမှသိရသည်။

လက်ရှိတွင် ဘိလပ်မြေအိတ်တစ်လုံးလျှင် ငွေကျပ် ၃၅,၀၀၀/-ပေါက်ဈေးရှိသော်လည်း ဘိလပ်မြေအိတ်များ ပြတ်လှပ်နေမှုကြောင့် ဝယ်ယူ၍မရနိုင်ကြောင်း၊ အထူးသဖြင့် မြို့ပေါ်ရှိကုန်စုံဆိုင်ကြီးများ၌သာ ပြတ်လှပ်နေကြောင်း သိရသည်။

ကုန်စည်စီးဆင်းမှုအတွက် အဓိကအသုံးပြုသည့် ကုန်တင်ကားကြီးများ၊ ကုန်တင်ယာဉ်ကြီးများမှာ ဖြတ်သန်းသွားလာရာ ခရီးစဉ်တလျှောက်တွင် မအေးချမ်းမှုများနှင့် မြစ်ကြောင်းပိတ်ဆို့မှုများကြောင့် ပုံမှန်အတိုင်းသွားလာရန်အတွက် အခက်အခဲများရှိနေပြီး ကုန်ပစ္စည်းများ သယ်ဆောင်ရာတွင်လည်း တင်ဆောင်ခွင့်ပြုသည့် ပစ္စည်းအမျိုးအစားကန့်သတ်ချက်များရှိနေသည့်အတွက် ဘိလပ်မြေများမှာ ပြတ်လှပ်ခြင်းဖြစ်ကြောင်း၊ လုပ်ငန်းရှင်များမှာယူထားခြင်းကြောင့် သယ်ယူလာသည့် ဘိလပ်မြေများမှာလည်း ဖောင်းပြင်မြို့ပေါ်သို့မရောက်မီ မြို့နယ်အတွင်းကျေးရွာအချို့ရှိ လက်နက်ကိုင်ဆောင်ထားသည့် အမည်မသိအဖွဲ့အစည်းများမှ အတင်းအကြပ်ယူဆောင်မှုကြောင့် မြို့ပေါ်သို့မရောက်ရှိဘဲ ယခုကဲ့သို့ ပြတ်လှပ်ရခြင်းဖြစ်ကြောင်း ကုန်တင်ရေယာဉ်မောင်းသူတစ်ဦးက ပြောပြ၍ သိရသည်။

ကိုထွန်း(ဖောင်းပြင်)