သာယာဝတီ ဧပြီ ၂၃
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် သံပရိုသီး ၃ တင်းဝင် တစ်အိတ်အား ငွေကျပ်ခြောက်သောင်းကျော်အထိ ရောင်းချရသဖြင့် သံပရိုစိုက်ခင်းပိုင်ရှင်များ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
သံပရိုသီးစိုက်ပျိုးခြင်းများနှင့်ပတ်သက်၍ အစေ့ပျိုး၍စိုက်ပျိုးခြင်း၊ ကိုင်းကူးစိုက်ပျိုးခြင်းဟူ၍ အမျိုးမျိုးစိုက်ပျိုးနိုင်ကြောင်း အပင်အပြုအစုကောင်းပါက ရာသီမပြတ် အသီးများခူးဆွတ်နိုင်ကြောင်းနှင့် ဈေးကွက်အနေဖြင့် ပူပြင်းသည့်နွေရာသီတွင် အရောင်းတွင်ကျယ်ပြီး ဈေးကောင်းရသည့်အတွက် အသီးအထွက်နှုန်းကောင်းသည့် သံပရိုစိုက်ခင်း ပိုင်ရှင်များအနေဖြင့် ဝင်ငွေကောင်းပြီး အဆင်ပြေလျက်ရှိကြောင်း ကုန်ကျစရိတ်သက်သာပြီး မိသားစုတစ်နိုင်တစ်ပိုင် စိုက်ပျိုးနိုင်သည့် နှစ်ရှည်သီးနှံဖြစ်သောကြောင့် စိုက်ပျိုးသင့်သော သီးနှံတစ်မျိုးဖြစ်ကြောင်း ကိုးပင်ရိုးကျေးရွာမှ သံပရိုစိုက်တောင်သူ တစ်ဦးကပြောသည်။
သံပုရာစိုက်ပျိုးရာတွင် တစ်ပင်နှင့်တစ်ပင်(၁၈)ပေအကွာ စိုက်ပျိုးပါက နေရောင်ခြည်နှင့် လေဝင်လေထွက်ကောင်းစွာရရှိသည့်အတွက် အပင်သန်မာပြီး အသီးအထွက်နှုန်းကောင်းမွန်ကြောင်း၊ ပျိုးပင်တစ်နှစ်သားအရွယ် သံပရိုပျိုးပင်များ စိုက်ပျိုးပါက သုံးနှစ်သားအရွယ်တွင် စတင်ခူးခွတ်ရကြောင်း၊ အပင်ငယ်သည့်အချိန်တွင် ပေါင်းမြက်ရှင်းလင်းခြင်းများ ဆောင်ရွက်ပေးရပြီး ရေကြိုက်နှစ်သက်သည့်အတွက် အစိုဓာတ်မပြတ်စေရေး ရေသွင်းပေးရကြောင်း လိုအပ်သည့်အချိန်တွင် မြေဩဇာကျွေးပေးခြင်း၊ ကိုင်းအခြောက်များရှင်းပေးခြင်းဖြင့် အပင်များကောင်းစွာဖြစ်ထွန်းပြီး အသီးသီးနှုန်း ပိုမိုကောင်းမွန်ကြောင်း လက်လီရောင်းချပါက အသီးအရွယ်အစားနှင့် အနုအရင့် အပေါ်မူတည်ပြီး အသီးတစ်လုံးအား ငွေကျပ် ၅ ကျပ်မှ ၁၀ ကျပ် အထိရောင်းချရကြောင်းရသဖြင့် တစ်ဖက်တစ်လမ်းမှ မိသားစုစားဝတ်နေရေးအဆင်ပြေလျက်ရှိကြောင်း သံပရိုစိုက်ပျိုးသူတောင်သူ ဦးတင်မောင်ဆန်း ထံမှသိရသည်။
သန့်ဇော် (ပြန်/ဆက်)