ရှမ်းရွာသစ်မြို့ကျေးလက်ကျန်းမာရေးဌာနတွင် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်ပေးမှုလုပ်ငန်း ဆောင်ရွက်

ရှမ်းရွာသစ် မတ် ၂၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ ကျေးလက်ကျန်းမာရေးဌာနသည် မြို့အတွင်းရှိ ဒေသနေပြည်သူများ ကျန်းမာရေး အသိပညာဗဟုသုတ ရရှိစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန် ရည်ရွယ်၍ ကျန်းမာရေးစောင့်ရှောက်ပေးမှု လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက် (၉)နာရီအချိန်တွင် ရှမ်းရွာသစ်မြို့ ကျေးလက်ကျန်းမာရေးဌာန၌ မြို့ပေါ်ရပ်ကွက် များနှင့် ကျေးရွာအုပ်စုများရှိ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်ပေးမှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းတွင် ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကိုယ်ဝန်ဆောင်မိခင်များအား ကိုယ်ဝန် စောင့်ရှောက်မှုကို စနစ်တကျခံယူရန်၊ မိမိကြိုက်နှစ်သက်ရာအစားအစာများကို ရွေးချယ်စားသုံးခြင်းမပြုဘဲ အစာအာဟာရ (၃)အုပ်စုကို မျှတပြည့်ဝစွာ စားသုံးရန်စသည့် ကျန်းမာရေးအကြောင်း သိကောင်းစရာများလည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အကြောင်းအရာများ၊ ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးနှင့် ပတ်သက်၍ ရှောင်ရန်၊ ဆောင်ရန် အချက်များ စသည်ဖြင့် အသိပညာ ပေးဆွေးနွေးပေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင် ရောဂါနှင့် ဆုံဆို့နာရောဂါ ကာကွယ်ဆေးများ ထိုးပေးခြင်း၊ သံချဆေးတိုက်ကျွေးပေးခြင်း၊ ကိုယ်ဝန် ရာဇဝင်မေးခြင်း၊ HIV/AIDS ရောဂါ စစ်ဆေးပေးခြင်း၊ ကိုယ်အလေးချိန်ချိန်ပေးခြင်းနှင့် သွေးပေါင်ချိန်များ တိုင်းတာပေးခြင်း စသည့်လိုအပ်သော ကျန်းများရေး စောင့်ရှောက်ပေးမှု လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)