ရှမ်းရွာသစ် မေ ၂၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ ပရေကြေတိုရေတံခွန်သို့ အနယ်နယ်အရပ်ရပ်မှ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်လျက်ရှိရာ နွေရာသီကာလတွင် ရာသီဉတုအပူရှိန်မြင့်မားမှုကြောင့် အပူရှောင်သည့် ခရီးသွားပြည်သူ(၁၀၀၀)ကျော်ခန့် နေ့စဉ်လာရောက်အပန်းဖြေရေကစားလျက်ရှိကြောင်း သိရသည်။
"ကျွန်တော်တို့က လှိုင်းဘွဲမြို့မှ မိသားစုလိုက်အပန်းဖြေလာရောက်ပြီး ရေကစားကြတာပါ။ ယခုအချိန်တွင် နွေရာသီကာလဖြစ်သည့်အတွက် အပူရှိန်အလွန်မြင့်မားမှုကြောင့် အပူရှောင်သည့်အနေဖြင့် လာရောက်အပန်းဖြေရေကစားခြင်းဖြစ်ပါတယ်။ ယခုလိုရေတံခွန်တွင် ကျွန်တော်တို့သာမက အခြားဒေသများမှ ခရီးသွားဧည့်သည်များ လာရောက်အပန်းဖြေနေကြတာတွေလည်းရှိပါတယ်။ နေ့စဉ်လူဦးရေ (၁၀၀၀)ကျော်ခန့်လာရောက်ကြောင်းလည်း သိရပါတယ်။ ပရေကြေတိုရေတံခွန်ဟာဆိုရင် ကရင်ပြည်နယ်၏ အထင်ကရနေရာတစ်ခုဖြစ်တာကြောင့် ကရင်ပြည်နယ်အတွက်လည်း အများကြီးဂုဏ်ယူပါတယ်။ အပူရှောင်သူအနေဖြင့်လည်း တောတောင်များကြားတွင် သာယာလှပအေးချမ်းသော ပရေကြေတိုရေတံခွန် သို့လာရောက်ပြီး အပန်းဖြေအနားယူကြပါလို့ ဖိတ်ခေါ်ချင်ပါတယ်"ဟု အပန်းဖြေလာရောက်သည့် ခရီးသွားပြည်သူတစ်ဦးထံမှ သိရသည်။
ပရေကြေတိုရေတံခွန်သည် ရှမ်းရွာသစ်မြို့၊ မဲသမူးကျေးရွာအုပ်စု၊ ပရေကြေထကျေးရွာကျေးရွာတွင် တည်ရှိပြီး ရှမ်းရွာသစ်မြို့မှ (၃)မိုင်ခန့်ကွာဝေးသော ကျောက်ထပ်(၈)ဆင့်ရှိ တောင်ကုန်း၊ တောင်တန်းများကြားမှ အေးမြကြည်လင်နေသာရေများဖြင့် သဘာဝအတိုင်းဖြစ်ပေါ်နေသော ရေတံခွန်တစ်ခုလည်းဖြစ်သည်။ ထို့ပြင် ကရင်ပြည်နယ်အတွင်းရှိ ထင်ရှားသည့်ရေတံခွန်တစ်ခုလည်းဖြစ်ပြီး အနယ်နယ်အရပ်ရပ်မှ ယာဉ်ကြီး၊ ယာဉ်ငယ်များဖြင့်အဖွဲ့လိုက် နေ့စဉ်လာရောက် အပန်းဖြေရေကစားကြကြောင်း၊ ရေတံခွန်တစ်လျှောက်ရေကူးကြသူများ၊ အရိပ်ရသစ်ပင်အောက်များ၌ အပန်းဖြေအနားယူကြသူများ၊ ဓာတ်ပုံ ရိုက်ကူးသူများဖြင့် နေ့စဉ်စည်ကားလျက်ရှိကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)