တောင်ငူ ဧပြီ ၂၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့၏ ကျက်သရေဆောင် သမိုင်းဝင်ရွှေဆံတော် စေတီတော်မြတ်ကြီးတွင် ယနေ့ နံနက် ၆ နာရီ ၃၀ အချိန်က စုပေါင်းအထူးသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
ယင်းသို့ဆောင်ရွက်ရာတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တောင်ငူတပ်နယ်မှ အရာရှိစစ်သည် (၁၀၀)ဦး၊ ဝတ်အသင်းမှ (၁၅၀)ဦး၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်း (၂၀၀)ဦး၊ တောင်ငူမြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် ယာဥ်ထိန်းရဲတပ်ဖွဲ့ဝင် (၂၅)ဦး၊ မီးသတ်တပ်ဖွဲ့ဝင် (၃၀)ဦး၊ ပရိတအသင်းများနှင့် ရပ်ကွက်ကျေးရွာအဖွဲ့များမှ (၁၀၀)ဦး စုစုပေါင်း အင်အား (၆၀၅)ဦးမှ စုပေါင်း၍ ဆောင်ရွက်ခဲ့ကြပြီး မီးသတ်ကားနှစ်စီးမှ မီးသတ်ပိုက်များဖြင့် ပန်းတင်ခုံအထက် အရံစေတီများ၊ ရင်ပြင်တော်နှင့် စေတီ(၆)ဆူ တို့အား ဆေးကြောသန့်စင်ခြင်းကိုလည်း ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါ စုပေါင်းအထူးသန့်ရှင်းရေး ဆောင်ရွက်ကြရာသို့ တောင်ပိုင်း တိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ခိုင်ချို၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ လာရောက်အားပေးကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့သည်။
တောင်ငူမြို့၏ ကျက်သရေဆောင် သမိုင်းဝင်ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ၁၃၈၅ ခုနှစ်၊ ဘုရားအနေကဇာတင်၊ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ၊ (၄၅၅) နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်၊ ကဆုန် ညောင်ရေသွန်းပွဲတော်နှင့် စွယ်တော်မြတ် (၂)ဆူအား လှည့်လည်ပူဇော်ပွဲကို ကဆုန်လပြည့်နေ့ တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သောကြောင့် သမိုင်းဝင် ရွှေဆံတော် စေတီတော်မြတ်ကြီး၌ စုပေါင်းအထူးသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)