ပဲခူး ဧပြီ ၂၃
ကဆုန်လပြည့်ဗုဒ္ဓနေ့ ခမ်းခမ်းနားနားကျင်းပနိုင်ရေးညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီက ပဲခူးမြို့ဆုတောင်းပြည့်ရွှေမော်ဓောစေတီမြတ်ကြီး ကျောက်ပန်းတောင်းဓမ္မာရုံ၌ကျင်းပခဲ့သည်။
အဆိုပါ အစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူး ဦးအေးမောင်ကြည်က “ကဆုန်လပြည့်ဗုဒ္ဓနေ့တွင် ယခင်နှစ်များနှင့်မတူဘဲ ပိုမို၍ခမ်းခမ်းနားနား အောင်မြင်စွာကျင်းပရန်လိုကြောင်း၊ ပွဲတော်သို့လာရောက်မည့် ဗုဒ္ဓဘာသာဝင်ပြည်သူများအနေဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ အစဉ်အလာမပျက် လာရောက်ကြည်ညိုပူဇော်နိုင်ရေးနှင့် ပူးပေါင်းပါဝင်နိုင်ရေး၊ အဆိုပါနေ့တွင် ဓမ္မပူဇာသဘင် (တရားပွဲ)များ ကျင်းပပြုလုပ်ရေး၊” တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းဦးက “အဆိုပါဗုဒ္ဓနေ့တွင် သံဃာတော်အပါး (၃၆၀)ဖြင့် အနေကဇာတင်လှူခြင်း၊ သံဃာတော်များအား ဆွမ်းဆန်စိမ်းလောင်းလှူခြင်း၊ ဗောဓိညောင်ပင်၌ ဗုဒ္ဓညောင်ရေသွန်းလောင်းပူဇော် ကုသိုလ်ပြုမည့်အစီအစဉ်များ၊ တရားပွဲများကျင်းပမည့်အခြေအနေများကို ဆွေးနွေးကြသည်။ ထို့နောက် တက်ရောက်လာကြသော စေတီတော်ဂေါပကအဖွဲ့နှင့် ဝတ်အသင်းများက အဆိုပါနေ့တွင် လာရောက်ကြမည့် ပြည်သူများသို့စတုဒိသာကျွေးမွေးမည့် အခြေအနေများ၊ ဝတ်အသင်းအလိုက် ဗုဒ္ဓညောင်ရေသွန်းလောင်းပူဇော် ကုသိုလ်ပြုမည့် အခြေအနေများအား ဆွေးနွေးခဲ့ကြသည်။
ကဆုန်လပြည့်ဗုဒ္ဓနေ့တွင် ဗောဓိညောင်ပင်၌ ညောင်ရေသွန်းလောင်း ကုသိုလ်ပြုခြင်း၊ စတုဒိသာများ ကျွေးမွေးခြင်းများကို ပဲခူးမြို့ရှိ တန်ခိုးကြီးစေတီပုထိုးများတွင် ခမ်းခမ်းနားနား ကျင်းပပူဇော်နိုင်ရေးလည်း စီစဉ်ထားရှိပြီးဖြစ်ကြောင်း သိရသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)