နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဌေးသွင် စက်မှုစိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်းများဖွင့်လှစ်မည့် အခြေခံပညာ အထက်တန်းကျောင်းများအား မြေပြင်ကွင်းဆင်းစစ်ဆေးကြည့်ရှု

မကွေး     ဧပြီ     ၂၃

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဌေးသွင်သည် စက်မှုစိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်း ဖွင့်လှစ်မည့် အခြေခံပညာအထက်တန်းကျောင်း(လက်ပံပျား)နှင့် အခြေခံပညာအထက်တန်းကျောင်း (စကုမြို့) ရှိ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဌေးသွင်သည် စက်မှုစိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်း ဖွင့်လှစ်မည့် ကျောက်ပန်းတောင်းမြို့နယ်၊ လက်ပံပျားကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းနှင့် မင်းဘူး (စကု)မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းများသို့ ရောက်ရှိပြီး ခရိုင်ပညာရေးမှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်ပညာရေးမှူး၊ သက်ဆိုင်ရာကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့် ရပ်မိရပ်ဖတာဝန်ရှိသူများအား တွေ့ဆုံ၍ စက်မှုစိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်းသစ်များ ဖွင့်လှစ်မှုတွင် မိမိတို့ဌာနစက်မှုပိုင်းဆိုင်ရာ သင်ကြားပေးသွားမည့် စက်မှုနည်းပညာဘာသာရပ်နှင့် သင်ကြားမည့်အစီအစဉ်များ၊ တက်ရောက်မည့် ကျောင်းသား/သူများ ကို ထောက်ပံ့ပေးမည့် အစီအစဉ်များ၊ G.T.H.S အောင်မြင်သူများအတွက် ပညာသင်ယူမှု အခွင့်အလမ်းများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် တက်ရောက်လာကြသော တာဝန်ရှိသူများက စက်မှုစိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်းသစ်များ ဖွင့်လှစ်မှုနှင့်ပတ်သက်၍ မိမိတို့ သိရှိလိုသည်များမေးမြန်းရာ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး အခြေခံပညာ အထက်တန်းကျောင်း(လက်ပံပျား)နှင့် အခြေခံပညာအထက်တန်းကျောင်း(စကုမြို့) ကျောင်းဆောင် သစ်များ ဆောက်လုပ်ထားမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ကိုစည်သူ(မကွေး)