သရက် ဧပြီ ၂၃
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့၌ ဇွန်လ ၂၀၂၃ ခုနှစ်တွင် စတင်ဖွင့်လှစ်မည့် စက်မှု-စိုက်ပျိုး-မွေးမြူရေးအထက်တန်းကျောင်း(သရက်)၌ ဖွင့်လှစ်သင်ကြားပေးမည့် မိမိတို့ဌာန စက်မှုပိုင်းဆိုင်ရာ သင်ကြားပေးသွားမည့် စက်မှုနည်းပညာဘာသာရပ်များ၊ သင်ကြားမည့် အစီအစဉ်များ၊ တက်ရောက်မည့် ကျောင်းသား/ သူများကို ထောက်ပံ့ပေးမည့် အစီအစဉ်များ၊ G.T.H.S အောင်မြင်သူများအတွက် ဆက်လက်တက်ရောက်နိုင်မည့် အခွင့်အလမ်းများနှင့်စပ်လျဉ်း၍ တွေ့ဆုံရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၁:၃၀ နာရီအချိန်က သရက်မြို့၊ စက်မှု-စိုက်ပျိုး-မွေးမြူရေးအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဉီးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာဌေးသွင်က Power Point ဖြင့် ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။ ထို့နောက် တက်ရောက်လာကြသော တာဝန်ရှိသူများက စက်မှု-စိုက်ပျိုး-မွေးမြူရေးအထက်တန်းကျောင်း(သရက်) ဖွင့်လှစ်မှုနှင့်ပတ်သက်၍ မိမိတို့သိရှိလိုသည်များမေးမြန်းရာ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီးနောက် စက်မှု-စိုက်ပျိုး-မွေးမြူရေးအထက်တန်းကျောင်း(သရက်)ကို ကွင်းဆင်းလှည့်လည်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ပါကြောင်းသိရှိရပါသည်။
အဆိုပါတွေ့ဆုံ ရှင်းလင်းဆွေးနွေးပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ပညာရေးမှူးများ၊ သက်ဆိုင်ရာကျောင်းအုပ်ကြီးများ၊ မြို့နယ်စိုက်ပျိုးရေးဉီးစီးမှူးနှင့်ဝန်ထမ်းများ၊ ကျောင်းအကျိုးတော်ဆောင်ကော်မတီဝင်များနှင့် ရပ်မိရပ်ဖတာဝန်ရှိသူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများတက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)