လဟယ် ဧပြီ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် သာသနာ့ပါလပရဟိတ ကျောင်းနှင့် ရန်ကုန်မြို့ Ability School သင်တန်းကျောင်းတို့မှ ကြီးမှူးဖွင့်လှစ်သော ဒုတိယ အကြိမ် Summer Computer & English Course နွေရာသီ (၁)လတာ ကွန်ပျူတာ အင်္ဂလိပ်စာ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန် လဟယ်မြို့ မာလာတောင် အားကစား ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ လဟယ်မြို့နယ် လုံခင်ထေရဝါဒ ဗုဒ္ဓသာသနာပြုဆရာတော် အရှင်နန္ဒောဘာသက အဖွင့် ဩဝါဒစကားမိန့်ကြားပြီး နာဂစီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ဦးနေမင်းသူမှ သင်တန်းအဖွင့် အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ ရန်ကုန်မြို့ Ability School သင်တန်းနည်းပြ ဆရာတော် ဦးကေသဝမှ သင်တန်း ဖွင့်လှစ်ရခြင်းရခြင်း ရည်ရွယ်ချက်၊ သင်တန်းအကြောင်းနှင့် သင်တန်းဖွင့်လှစ်သင်ကြားမည့် အစီအစဉ်များနှင့် ပတ်သက်၍ မိန့်ကြားတော်မူသည်။ ၎င်းနောက် လဟယ် မြို့ သာသနာ့ပါလ ပရဟိတကျောင်းအုပ်ဆရာတော် ဦးသာသနာ့မှ ကျေးဇူးတင်၀မ်းမြောက်ကြောင်း မိန့်ကြားတော်မူသည်။
ထို့နောက် သင်တန်းကာလအတွင်း လိုအပ်သော မီးစက်ဆီနှင့် ထွေထွေလိုအပ်ချက်အတွက် လှူဒါန်းပေးကြသော အလှူရှင်းများ အား ဂုဏ်ပြုလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းတွင် အင်္ဂလိပ်စာ သင်တန်းသား/သူ (၂၀၀)ဦး၊ ကွန်ပျူတာသင်တန်းသား/သူ(၆၀)ဦး စုစုပေါင်း (၂၆၀)ဦးအား သင်တန်းနည်းပြဆရာ (၈)ဖြင့် (၁)လတာ သင်ကြားပို့ချပေးသွားမည်ဖြစ် ကြောင်း သိရသည်။
လဟယ် (ပြန်/ဆက်)