မကွေး ဧပြီ ၂၃
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပမည့် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် မကွေးမြို့မြသလွန်ဘုရားပွဲတော်ကွင်း၌ ဆွမ်းဆန်စိမ်းလောင်းလှူပွဲအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင်နှင့်အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မကွေးမြို့ပေါ်မှရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ဦးစွာမကွေးတိုင်းဒေသကြီး ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပရေးဦးစီးကော်မတီနာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင့်လွင်က မြန်မာတို့၏ဆယ့်နှစ်လရာသီတွင် တစ်ခုအပါအဝင်ဖြစ်သော ကဆုန်လပြည့်နေ့သည် ဆရာတော်၊ သံဃာတော်များ သီတင်းသုံးရာတွင် ဆွမ်း၊ ဘောစဉ်များ အခက်အခဲမဖြစ်စေရေးအတွက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲများအား ကျင်းပလျက်ရှိသည့် နည်းတူ၊ နှစ်စဉ်နှစ်တိုင်း ရိုးရာမပျက်ကဆုန်ညောင်ရေသွန်းပွဲများအား ကျင်းပဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခင်နှစ်များက ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဆရာတော်၊ သံဃာတော်များ သီတင်းသုံးရာ ဘုန်းတော်ကြီးကျောင်းများအရောက် ဆွမ်းဆန်တော်များသွားရောက်လှူဒါန်ခဲ့ရပြီး၊ ယခုနှစ်တွင် မကွေးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း(၉၆)ကျောင်းနှင့် စာသင်တိုက်အသီးသီးမှ သံဃာတော်အပါး(၁၀၀၀)ကျော်ကို လောင်းလှူသွားမည်ဖြစ်၍ ကဆုန်ညောင်ရေသွန်းပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယခင်နှစ်များထက် ပိုမိုစည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ယခုနှစ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို မကွေးမြို့မြသလွန်ဘုရားပွဲတော်ကွင်းတွင် ကျင်းပဆောင်ရွက်သွားမည်ဖြစ်သဖြင့် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီး ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပရေးဦးစီးကော်မတီအတွင်းရေးမှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးသန်းဆွေဝင်းက ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းကော်မတီများ ဖွဲ့စည်းထားရှိမှု အခြေအနေများနှင့် လုပ်ငန်းတာဝန်များအား ရှင်းလင်းတင်ပြခဲ့ပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာသည့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပရေးလုပ်ငန်းကော်မတီများမှ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့်ပတ်သက်၍ ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြခဲ့မှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို မကွေးတိုင်းဒေသကြီး ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပရေးဦးစီးကော်မတီမှကြီးမှူး၍ ဌာနဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက်များမှ စေတနာရှင်အလှူရှင်များပူးပေါင်းကာ ၁၃၈၅ ခု၊ ကဆုန်လပြည့်၊ မေလ ၃ ရက်နေ့ နံနက်ပိုင်းတွင် မကွေးမြို့မြသလွန်ဘုရားပွဲတော်ကွင်းပြင်၌ မကွေးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း(၉၆)ကျောင်းနှင့် စာသင်တိုက်အသီးသီးမှ သံဃာတော်အပါး(၁၀၀၀)ကျော်အား ဆွမ်းဆန်စိမ်းလောင်းလှူသွားမည်ဖြစ်ကြောင်းနှင့် ညနေပိုင်းတွင် နှစ်စဉ်ရိုးရာမပျက် ကဆုန်ညောင်ရေသွန်းပွဲကို မကွေးမြသလွန်ရင်ပြင်တော်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မောင်ညီညာ