မြဝတီ ဧပြီ ၂၃
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ရွှေမြင်းဝန်စေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း၊ ဘက်စုံပြုပြင်မွမ်းမံခြင်း ဗုဒ္ဓါဘိသေက အနေကဇာတင်လှူပူဇော်ခြင်းတို့အား ရေစက်ချမင်္ဂလာ အခမ်းအနားကို ယမန်နေ့ နံနက် ၅ နာရီခွဲက ကျင်းပပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ ကိုးနဝင်းဇောတိရတနာစာသင်တိုက် ဦးစီးပဓာန နာယက ဘဒ္ဒန္တ ဇောတိပါလ ဆရာတော် အမှူးပြုပြီး မြသုခ (၂၇၅)တပ်ဦးကျောင်းတိုက် ဦးစီးပဓာန နာယက ဒေါက်တာ ပညာနန္ဒ ဆရာတော် မြသုခ (၂၇၅)တပ်ဦးကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော် ဒေါက်တာပညာနန္ဒနှင့် သြဝါဒစရိယ ဆရာတော်များဦးဆောင်ပြီး ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်း မင်္ဂလာကို ဆောင်ရွက်တော်မူကြသည်။
ထို့နောက် ဆရာတော်၊ သံဃာတော်များအား မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်၊ အဖွဲ့ ဝင်(၁) ဒုတိယ ဗိုလ်မှူးကြီး နိုင်ဝင်း၊ အဖွဲ့ဝင်(၂) ဦးစိန်သောင်း၊ အဖွဲ့ဝင်(၃) လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြဝတီခရိုင်ဦးစီးမှူး ဦးရဲဇင်လတ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ အဖွဲ့ဝင် ဗိုလ်မှူး ဇင်မင်းထွန်း၊ ဦးအောင်မင်းစိုးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက အာရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းသည်။
ယင်းနောက် ရေစက်ချအခမ်းအနား ကျင်းပရာ နမောတ ဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနား ဖွင့်လှစ်ခြင်း၊ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ မေတ္တာသုတ် ပရိတ်တရားတော်များ နာယူ ကြည်ညို ခြင်းတို့ကို ဆောင်ရွက်ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်နှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ဆက်လက်၍ မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က လုံးတော်ပြည့် ရွှေသင်္ကန်းကပ် လှူပူဇော်ခဲ့မှု အခြေအနေများအား လျှောက်ထားတင်ပြသည်။
ဆက်လက်ပြီး မြသုခ (၂၇၅)တပ်ဦးကျောင်းတိုက် ဦးစီးပဓာန နာယက ဒေါက်တာ ပညာနန္ဒ ဆရာတော် ထံမှ အနုမောဒနာတရား နာကြား၍ ရေစက်သွန်းချ အမျှတန်းပေးဝေခြင်းကို ဆောင်ရွက်သည်။
အဆိုပါ မြဝတီမြို့ကျက်သရေဆောင် ရွှေမြင်းဝန်စေတီတော်မြတ်ကြီးသည် ရှေးဟောင်းသမိုင်းဝင်နှင့် မြတ်စွာဘုရားရှင်၏ ဆံတော်ရှင်မြတ် ကိန်းအောင်းစံပယ်ရာ ဆံတော်ရှင် စေတီတစ်ဆူဖြစ်ပြီး ယခင်တာဝန်ရှိသူအဆက်ဆက်မှ ၅ နှစ်လျှင်တစ်ကြိမ် ရွှေသင်္ကန်း ဆက်ကပ်လှူဒါန်းခဲ့ရာ ယခုအခါ ဆရာတော်ကြီးများ၊ တပ်မတော်၊တပ်ရင်းတပ်ဖွဲ့များ၊ ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ၊ အဖွဲ့အစည်းများနှင့် စေတနာရှင် (၇)ရက်သားသမီးများ၏ စုပေါင်း လှူဒါန်းငွေများဖြင့် (၉)ကြိမ်မြောက် ကပ်လှူ ပူဇော်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)