ကောလင်း အောက်တိုဘာ ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ် ခွင်တောင်း၊ ယောမြေနီ၊လက်ပံကွေ့၊ ကျွန်းလှခုံ၊ ဝန်းသိုမြို့နယ် ဇီးဖြူပင်၊ ဂွေ့ကြီး၊ လက်ပံကြီးတော၊ အုပ်ဖို၊ သရက်အိုက်၊ စိန်လည်၊ အောင်းကုန်း၊ သပြေသာ စသည့် ၎င်းကျေးရွာများသည် ဒေါင်းမြူးချောင်းနံဘေးတွင် တည်ရှိပြီး ပန်းဂေါ်ဖီ၊ ငရုတ်၊ သခွား၊ မေမြို့ပန်း၊ သစ္စာပန်း၊ ကြက်သွန်၊ ခရမ်းချဉ်၊ ပြောင်းဖူး၊ ဂန္ဓမာပန်း စသည့်သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိပြီး ရုံးပတီသီးကို စျေးကောင်းသဖြင့် စိုက်ပျိုးသူများ အဆင်ပြေပြီး စိုက်ပျိုးသူများပြားလာကြောင်း သိရသည်။
"ကျွန်တော် ကြက်ဖတံဆိပ် ရုံးပတီမျိုးစေ့ကို စိုက်ပျိုးရေးဆိုင်က တစ်ထုပ်ဝယ်ပြီး မျိုးစေ့ကို ယခင်နှစ်ကတည်က မျိုးပြန်ယူထားတာပါ။ တစ်ဧကစိုက်ကို မျိုးဖိုး၊ မြေသြဇာ၊ ပိုးသတ်ဆေးဖိုး၊ ထွန်ယက်ခ စုစုပေါင်း ကုန်ကျစရိတ် ၁သိန်းခွဲခန့် ကုန်ကျပါတယ်။ ယခင်နှစ်က ဒီအချိန်ဆို ဧကဝက်စိုက်တာ နေ့စဉ်ကောက်ရပြီး တစ်ခါကောက်ကို အတောင့် ၂၀၀၀၀ အထိတော့ရပါတယ်။ ဒါပေမယ့် အတောင့် အကြီးအသေးပေါ် မူတည်၍ ရုံးပတီသီး တစ်တောင့်ကို ၂ ကျပ်မှ ၃ ကျပ်အထိတာ ရောင်းရသဖြင့် အမြတ်နည်းခဲ့ပါတယ်။ ယခုနှစ်လည်း ရုံးပတီသီးမျိုးစေ့ ၂ ပြည် စိုက်ပျိုးထားပါတယ်။ ကောက်နေတာ ကတော့ ၃ ပတ်လောက်ရှိပြီဆိုတော့ အတောင့် ၂၅၀၀၀ လောက်တော့ရပါပြီ ရုံးပတီတစ်တောင့်ကို အကြီးအသေးပေါ်မူတည်၍ ၆ ကျပ်မှ ၇ ကျပ်ဖြင့် ကောလင်းမြို့ပေါ်ရှိ ဖောက်သည်များထံသို့ ပို့ပေးရပါတယ်။ ကမ္ဘာ့ကပ်ရောဂါကြီးဖြစ်သော ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်းဆိုပေမဲ့ ရုံးပတီသီး စျေးကောင်းသဖြင့် စိုက်ပျိုးသူများ အဆင်ပြေပါတယ်"ဟု အုပ်ဖိုကျေးရွာက ဦးမောင်ထွန်းကပြောသည်။
ရုံးပတီသီးဧကဝက် စိုက်ကို အလုပ်သမား တစ်ယောက်ကို ၂၅၀၀ကျပ်နှင့် ၂ ယောက်ပုံမှန် အကောက်ငှား ထားသဖြင့် အလုပ်သမားများလည်း နေ့စဉ်ဝင်ငွေရရှိပြီး ကျွန်တော်တို့လည်း နေ့စဉ် ပုံမှန်ဝင်ငွေရရှိသဖြင့် အဆင်ပြေပါတယ်ဟု "၎င်းကဆက်ပြောသည်။
"ယခင်းနှစ်ကဆို ရုံးပတီသီး စျေးမကောင်းသဖြင့် အခင်းရှင်များက သူဆီမှာယူပါအုန်း ကိုယ့်ဆီ မှာယူပါအုန်းနှင့် ယခုနှစ်က ကိုဗစ်-၁၉ ကပ်ရောဂါကြောင့်ဆိုပေမယ့် ရုံးပတီသီးက လိုသလောက်မရသဖြင့် အခင်းရှင်ဆီမှာ မျှခိုင်းရတာပါ။ ဒါတောင် မိမိလိုသလောက်မရဘူး။ ရုံးပတီသီးများကို တစ်ဆင့်ဝယ်ယူပြီး ဖားကန့်၊ မိုးညှင်း၊ မိုးကောင်း စသည့် မြို့များနှင့် မန္တလေး၊ မုံရွာ၊ ကန့်ဘလူ၊ ရွှေဘို စသည့် မြို့များသို့ ကား၊ ရထားများဖြင့် တင်ပို့ပေးရပါတယ်"ဟု တစ်ဆင့်ပြန်လည် ရောင်းချသူ မကြိုင်က ပြောပြသည်။
မြင့်ထွန်းမင်း(ကောလင်း)