ကျွန်းစုမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) နှင့် စံပြကျေးရွာထူထောင် ရေးစီမံကိန်း ကျေးရွာရွေးချယ်ပွဲ အခမ်းအနားကျင်းပ

ကျွန်းစု ဧပြီ ၂၂

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) နှင့် စံပြ ကျေးရွာထူထောင်ရေးစီမံကိန်း ကျေးရွာရွေးချယ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၂) နာရီ အချိန်က ကျေးလက်ဒေသဖွံဖြိုးတိုး တက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စန်းဝင်းက အဖွင့်အမှာ စကားပြောကြားပြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ခေတ္တမြို့နယ်ဦးစီးမှူး ဒေါ်နှင်းသက်သက်ဝေက ရွေးချယ်ခံရသည့်ကျေးရွာများအနေဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရမည့်လုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်ရန်နှင့် ကျေးရွာများအတွက် လိုအပ်သည့် လမ်း၊ တံတား၊ အဆောက်အအုံများ ဆောက်လုပ်နိုင်မည်ဖြစ်သဖြင့် ကျေးရွာအနေဖြင့် လက်ငင်းအကျိုး ခံစားရမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြား ခဲ့သည်။

ဆက်လက်၍ ကျေးရွာဖွံဖြိုးတိုးတက်ရေးစီမံကိန်း(VDP) ကျေးရွာရွေးချယ်ရေး အစီအစဥ်တွင် (VDP) ကျေးရွာ (၇) ရွာနှင့် စံပြကျေးရွာ(၁)ရွာ၊ စုစုပေါင်း ကျေးရွာ(၈)ရွာ ရွေးချယ်ခဲ့ပြီး၊ (VDP) ကျေးရွာ(၇) ရွာမှာ ဒုံးဥယျာဥ်၊ မစမ်းပါး၊ မရမ်းချောင်း၊ တာရပိုင်း၊ သရင်ကန်း၊ ဖျံအော်၊ ဒုံးဇလပ်၊ ကျေးရွာများအား ရွေးချယ်ခဲ့ပြီး (၁) ရွာလျှင် ငွေကျပ်သိန်း (၁၅၀)ထောက်ပံ့မည်ဖြစ်ကြောင်းသိရသည်။

စိုးစိုးသွယ်

ကျွန်းစု (ပြန်/ဆက်)