ရေနံချောင်းမြို့နယ်၌ ရှေးဦးပြုစုနည်း(အခြေခံ)သင်တန်း ၃/၂၀၂၃ ဖွင့်လှစ်

ရေနံချောင်း ဧပြီ ၂၂

ရေနံချောင်းမြို့နယ် အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့ ပူးပေါင်းကာ ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်များတွင် ရှေးဦးပြုစုနည်း အခြေခံသဘောတရားများကို သိရှိဆောင်ရွက်တတ်စေရန် ရည်ရွယ်ကာ ရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်း ၃/၂၀၂၃ ကို ယနေ့နံနက်ပိုင်းက အ.ထ.က(၁) ကျောင်းတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

သင်တန်းတွင် မြို့နယ်ကြက်ခြေနီအသင်းမှ တာဝန်ရှိသူများက ရှေးဦးပြုစုနည်း အခြေခံများဖြစ်သည့် လူနာဆန်းစစ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာရှေးဦးပြုစုခြင်း၊ လူနာကိုင်တွယ်ခြင်းနှင့် သယ်ဆောင်ခြင်း၊ အရိုးကျိုးခြင်း၊ အဆစ်လွဲခြင်း၊ ရိုးဆက်ကြောနှင့် ကြွက်သားများ ထိခိုက်ဒဏ်ရာရခြင်း၊ သွေးဆုတ်သွေးလန့်ခြင်း၊ မူးမေ့ခြင်းနှင့် သတိလစ်ခြင်း၊ သတ္တဝါများ ကိုက်ခြင်းနှင့်တုပ်ခြင်း၊ ဒဏ်ရာအမျိုးမျိုးနှင့် သွေးယိုစီးခြင်းကိုပြုစုခြင်း၊ အဆိပ်သင့်ခြင်း စသည့်သင်ခန်းစာများကို သင်တန်းကာလ ၅ ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် ရေနံချောင်းမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ အထက်တန်း၊ အလယ်တန်း အဆင့် ကျောင်းသား၊ ကျောင်းသူ ၄၂ ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်