၂၀၂၃-၂၀၂၄ စီမံကိန်းလုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်နိုင်ရေး ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ  အခမ်းအနားပြုလုပ်

ဘားအံ  ဧပြီ ၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၏  ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်  ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ဘားအံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲ (၁) နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဘားအံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လွင်က အမှာစကားပြောကြားရာတွင် ခရိုင်အတွင်း ဆန်ဖူလုံမှု၊ စားသုံးဆီဖူလုံမှု၊ ပဲမျိုးစုံဖူလုံမှု ရှိစေရန်  ကျေးလက်အခြေခံစီးပွားရေးဖြစ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများတွင်  သမရိုးကျ ဆောင်ရွက်နေသည့် ပုံစံမှ ခေတ်မီနည်းစနစ်များဖြင့် သွင်းအားစုများကို ထိရောက်စွာအသုံးပြုပြီး အထွက်တိုးအောင်ကြိုးစားကြရန်၊  ဒေသထွက်ကုန်ကြမ်း များကို  တန်ဖိုးမြင့်ထုတ်ကုန်အဖြစ်  ထုတ်လုပ်နိုင်ရေးနှင့် ပြည်ပပို့ကုန်  ပိုမိုတင်ပို့နိုင်ပြီး သွင်းကုန်အစား ထိုးနိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်  ဘားအံခရိုင်၏ စီပွားရေး မျှော်မှန်းချက်အနေဖြင့် စုစုပေါင်း ထုတ်လုပ်မှု ဝန်ဆောင်မှုတန်ဖိုး(ဂျီဒီပီ) မှာ နှစ်အလိုက် ဈေနှုန်းအရ ကျပ် ၁၃၅၂.၂ ဘီလီယံ အကောင်အထည်ဖော်ရန်နှင့်  ပုံမှန်ဈေးနှုန်းအရ ၄.၅ ရာခိုင်နှုန်း တိုးတက်ရန် ရည်မှန်းထားပါကြောင်း၊ ဘားအံခရိုင်၌ လူတစ်ဦးစီ၏ပျှမ်းမျှ ထုတ်လုပ်မှု၊ ဝန်ဆောင်မှု တန်ဖိုးနှစ်အလိုက် ဈေးနှုန်းအရ  ၁၈၇၅၄၈၇ ကျပ် ဖြစ်ပေါ်လာရန် ရည်မှန်းထားပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍  ဒေသန္တရစီမံကိန်း ရည်မှန်းချက်တာဝန်များပေးအပ်ရာ ဘားအံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ခရိုင်အဆင့်ဌာနဆိုင်ရာများကိုယ်စား ဘားအံခရိုင် မွေးမြူးရေးနှင့်ကုသရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး အားလည်းကောင်း၊ ရင်းနှီးမြှပ်နှံမှု လျာထားချက်များ တာဝန်ပေး‌အပ်ရာတွင် ဘားအံခရိုင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ ခရိုင်ဦးစီးမှူးအားလည်းကောင်း မြို့နယ်အဆင့် ရည်မှန်းချက် တာဝန်များပေးအပ်ရာတွင် ဘားအံမြို့နယ်နှင့် လှိုင်းဘွဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများအားလည်းကောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့နောက်  ဘားအံခရိုင် စီမံကိန်းရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး  ဒေါ်ယဉ်နွဲ့လှိုင်က  ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာ‌ရေးနှစ် စီမံကိန်ရည်မှန်းများအပေါ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု  ယာယီစာရင်းအား ရှင်းလင်းတင်ပြခဲ့ပြီးနောက် ဘားအံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လွင်က စီမံကိန်းရည်မှန်း ချက်တာဝန်များကို လျာထားချက်ပြည့်မီကျော်လွန်အောင် အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)