ဆိပ်ဖြူမြို့နယ်တွင် နွေသီးနှံများ အောင်မြင်ဖြစ်ထွန်းရေး ဆည်တမံ(၂)ခုမှ စိုက်ပျိုးရေပေးဝေ

ဆိပ်ဖြူ ဧပြီ ၂၂

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲမှုဦးစီးဌာနက မြို့နယ်အတွင်းရှိ ဆည်တမံ(၂)ခုမှ နွေစပါးနှင့်ဆီထွက်သီးနှံ စိုက်ပျိုးဧက ၁၀၀ ကျော်အတွက် နွေသီးနှံစိုက်ပျိုးတောင်သူများ စိုက်ပျိုးရေ ပြည့်ဝစွာရရှိရေး ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၃ခုနှစ်နွေသီးနှံများကို နွေစပါး ၊ဆီထွက်သီးနှံများဖြစ်သည့် နေကြာ၊ နွေနှမ်းနှင့် ပဲတီစိမ်းတို့ကို  စားသုံးဆီဖူးလုံစေရေး မိသားစုဝင်ငွေတိုးပွားစွာရရှိရေးအတွက် ဒေသခံတောင်သူများက ရေရရှိရေးနည်းလမ်း အမျိုးမျိုးဖြင့်  စိုက်ပျိုး ဆောင်ရွက်လျက်ရှိရာဆီထွက်သီးနှံ နေကြာ၊ နွေနှမ်းနှင့် ပဲတီစိမ်းစိုက်ခင်းများအောင်မြင်ထွန်းလျက်ရှိပြီး နွေစပါးများကို ပျိုးထောင် စိုက်ပျိုးဆောင်ရွက်လျက်ရှိသည်။

မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲမှုဦးစီးဌာနက နွေသီးနှံစိုက်ပျိုး‌ရေးအတွက် ဆည်တမံ (၂)ခု ဖြစ်သည့် ဝန်လိုတမံနှင့် ဝန်ချောင်းတမံစိုက်ပျိုးမြေများမှ တောင်သူများအတွက် နွေစပါး (၄၁) ဧက၊ ဆီထွက်သီးနှံနွေနှမ်း (၄၄)ဧကနှင့် နေကြာ(၂၉ ဒဿမ ၅၀) ဧကတို့ကို သီးနှံများ အောင်မြင်ဖြစ်ထွန်းရေးအတွက် စိုက်ပျိုးရေပြည့်ဝစွာ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဒေသခံတောင်သူ များ၏ စိုက်ပျိုးသီးနှံများအောင်မြင်ဖြစ်ထွန်းရေး၊ စိုက်ပျိုးရေပြည့်ဝစွာရရှိရေးနှင့် စိုက်ပျိုးရေလေလွင့် မှုမရှိစေရန်အတွက် မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲမှုဦးစီးဌာနက ဆည်တမံများရှိ ရေပေးမြောင်းများကို မြေသားမြောင်းမှ အုတ်စီရေမြောင်းများအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက် ပေးနေကြောင်း၊ ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၃ခုနှစ် နွေသီးများဖြစ်သည့် နွေစပါး (၁၃၅) ဧက၊ ဆီထွက်သီးနှံများဖြစ်သည့် နွေနှမ်း (၁၈၄) ဧက၊ နေကြာ (၅၇) စိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲမှုဦးစီးဌာနနှင့် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနတို့က ပြောကြား သိရသည်။  

ကိုဇွဲ(အညာမြေ)