ပဲခူး ဧပြီ ၂၂
ပဲခူးတိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၂/၂၀၂၃)ကို ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကိုဗစ်(၁၉)ရောဂါပိုး တွေ့ရှိမှု ရှိလာပြီဖြစ်၍ ကိုဗစ်(၁၉)ရောဂါ ကာကွယ်ဆေးထိုးခြင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် စည်းကမ်းများအတိုင်း အထူးလိုက်နာနေထိုင်ရန်နှင့် ရပ်ကွက်/ကျေးရွာ များသို့ အသိ ပညာပေးခြင်းများ အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မကြာမီ တင်ဒါလုပ်ငန်းများ စတင်တော့မည်ဖြစ်ပြီး သတ်မှတ်ထားသည့် တင်ဒါစည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ခွဲဝေရရှိလာသည့် ဘဏ္ဍာငွေများအပေါ် သေချာစိစစ်၍ စနစ်တကျ သုံးစွဲကြရန် မှာကြားလိုကြောင်း၊ လိုင်စင်မဲ့မော်တော်ယာဉ်နှင့် လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များ စီးနင်းမှုမရှိစေရေး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ပူပြင်းခြောက်သွေ့သည့် နွေရာသီဖြစ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် အသိပညာပေးခြင်း၊ ကြေငြာခြင်းများအား ရပ်ကွက်/ကျေးရွာ များအထိ နေ့စဉ်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မြို့နယ်အလိုက် တစ်သီးစိုက်ပျိုးသည့် မြေနေရာများတွင် အခြားစီးပွားဖြစ် ပြည်တွင်း/ပြည်ပ ဈေးကွက်ရှိသည့်သီးနှံများ ထပ်မံစိုက်ပျိုး နိုင်ရေး ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ တိုင်းရင်းသားစာပေးနှင့် ယဉ်ကျေးမှုများ ပြန်လည် ထွန်းကားလာစေရေး ဝိုင်းဝန်းပံ့ပိုးဆောင် ရွက်ရန် လိုအပ်ကြောင်းနှင့် မြို့နယ်အလိုက် နွေရာသီ ယဉ်ကျေးလိမ္မာသင်တန်းများ တိုးချဲ့ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြခဲ့ပြီး အစိုးရအဖွဲ့ အတွင်းရေးမှူးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၏ ညွှန်ကြား ချက်များအား ဖတ်ကြားရှင်းလင်းခဲ့သည်။ ၎င်းနောက် တက်ရောက်လာသည့် တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာများက ၂၀၂၂-၂၀၂၃ ခုနှစ်၊ ဒေသန္တရစီမံကိန်းလျာထားချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုနှင့် ၂၀၂၃-၂၀၂၄ ခုနှစ်တွင် တည်ဆောက်ရေး လုပ်ငန်းလျာထားချက်များအား ရှင်းလင်းတင်ပြခဲ့ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)