သနပ်ပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌  မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

သနပ်ပင် ဧပြီ  ၂

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျင်းပပြုလုပ်သော မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက  မြို့နယ်လူထုအခြေပြုဗဟိုဌာန  Community Center ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်‌ညိုပြာက မူးယစ်ဆေးဝါးကင်းစင်သည့် အနာဂတ်မျိုးဆက်သစ် လူငယ်များဖြစ်စေရန်နှင့် ဆေးလိပ်အပါအဝင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများအန္တရာယ်မှ တားစီးကာကွယ်နိုင်စေရန်ရည်ရွယ်၍ ဟောပြောပွဲကျင်းပရခြင်းဖြစ်ကြောင်းနှင့် မူးယစ်ဆေးဝါး အန္တရာယ်များ၊ မူးယစ်ဆေးဝါး အမျိုးအစားများ၊ မူးယစ်ဆေးဝါးသုံးစွဲမိသော အကြောင်း အရင်းများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ဆိုးကျိုးများတို့ကို ရှင်းလင်း​​ဟောပြောခဲ့သည်။

ထို့နောက်စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရုံးချုပ်မှပေးပို့သော သုတ၊ ရသ စာအုပ်များ ခင်းကျင်းပြသခြင်းနှင့် မူးယစ်ဆေးဝါးအန္တရာယ်များအကြောင်းအသိပညာပေး နံရံကပ်စာစောင်များပြသထားရာ ကျောင်းသား/ကျောင်းသူများ စိတ်ဝင်စားစွာ လေ့လာကြည့်ရှု ခဲ့ကြောင်း သိရသည်။

လှမိုး(ပြန်/ဆက်)