ပလောက် ဧပြီ ၂၂
ပွင့်လင်းရာသီ ရောက်ရှိလာပြီးဖြစ်သည့်အတွက် မီးဘေးအန္တရာယ်ကျရောက်မှုမရှိစေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြိတ်ခရိုင်၊ ပလောက်မြို့နယ်မြေ မီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်အောင်နှင့် သန္ဓေတပ်ဖွဲ့ဝင်များသည် ယမန်နေ့နံနက် ၉ နာရီအချိန်က မြိတ်-ထားဝယ် ကားလမ်းမကြီးပေါ်တွင် ဖြတ်သန်းသွားလာနေကြသော မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ၊ လက်ဘက်ရည်ဆိုင်များနှင့် လူစည်ကားရာနေရာများတွင် (191) စတေကာကပ်နှိပ်ခြင်းနှင့် မီးဘေးလုံခြုံရေး ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် မီးသတ်ဦးစီးဌာနသို့ အကူအညီတောင်းခံလိုပါက (191) နံပါတ် (၃) လုံးအား ရိုက်နှိပ်၍ ဖုန်းခေါ်ဆိုနိုင်ပါသည်၊ မီးဘေးနှင့် သဘာဝဘေးအန္တရာယ်ကြုံတွေ့လျှင် ဆက်သွယ်ရန်ဖုန်းနံပါတ်များ၊ မီးဘေးရှောင်မလောင်ခင်တား၊ မီးသတ်ဆေးဘူးအသုံးပြုပုံ၊ မီးဖိုအသုံးပြုလျှင်၊ လျှပ်စစ်ဓာတ်အားသုံးလျှင်၊ ဓာတ်ဆီဖြည့်လျှင်၊ ဓာတ်ဆီဖလှယ်လျှင်၊ မီးသားစုအားလုံး အပြင်သွားမည်ဆိုလျှင်၊ ဘုရားမီး၊ အမွှေးတိုင်ပူဇော်လျှင်၊ အထပ်မြင့်တိုက်များမီးလောင်လျှင်၊ ဆေးလိပ်သောက်လျှင်၊ မီးလောင်မှုဖြစ်၍ မီးခိုးအန္တရာယ်ကြုံတွေ့ရလျှင် ဆောင်ရန်/ရှောင်ရန်များနှင့် မိမိနေအိမ်တွင် မီးဘေးအန္တရာယ်ကင်းဝေးစေရန် လိုက်နာဆောင်ရွက်ရမည့် စသည့်အချက်များ ပါဝင်ကြောင်း သိရှိရသည်။
နှင်းမြူလွင်(ပလောက်)