တနင်္သာရီ ဧပြီ ၂၁
တနင်္သာရီမြို့နယ် မီးသတ်ဦးစီးဌာနမှ တစ်မြို့နယ်လုံး မီးဘေးအန္တရာယ်ကင်းဝေးစေရေးနှင့် မီးဘေးလုံခြုံရေးအတွက် သတိမူနိုင်ရန်အလို့ငှာ တနင်္သာရီတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ ထုတ်ဝေဖြန့်ချိသည့် 191 အမှတ်အသားပါ မီးဘေးလုံခြုံရေးပညာပေးစာစောင်များနှင့် မီးဘေးနှင့် သဘာဝဘေးအန္တရာယ် ဖြစ်ပွားပါက (၂၄)နာရီ အကူအညီတောင်းခံနိုင်သည့် 191 Sticker (အကြီး/အသေး)တို့ကို ယနေ့နံနက် ၇ နာရီ ၃၀ အချိန်မှ ၉ နာရီအထိ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်တို့တွင် ကပ်ပေးကြပြီး ခရီးသွားပြည်သူများအား ပညာပေးစာစောင်များ ဖြန့်ဝေပေးကြကြောင်း သိရသည်။
ထိုသို့ ပြုလုပ်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးမျိုးနိုင်နှင့် ဝန်ထမ်းများက လူစည် ကားရာ အောင်မင်္ဂလာဈေး(၁)/အောင်မင်္ဂလာဈေး(၂)၊ သုခလမ်းနှင့် မင်္ဂလာကြီးလမ်းဆုံ မြို့မရဲစခန်းအရှေ့နေရာတို့တွင် စောင့်ဆိုင်း၍ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ် မောင်းနှင်လာသူတို့ကို ပညာပေးစာစောင်များ ဖြန့်ဝေပေးခြင်း၊ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များ၏ ဦးခေါင်းနေရာတွင် 191 Sticker များ ကပ်ပေးခြင်း၊ မြင်သာထင်ရှားသည့် ဈေးတိုင်များ၊ လမ်းမီးတိုင်များတွင်လည်း 191 (Sticker)ကပ်ခွာအကြီးတို့ကို ကပ်ပေးကြရာ ယနေ့တွင် မီးဘေးလုံခြုံရေးပညာပေးစာစောင်(၂၀၀၀)၊ 191 Sticker အကြီး(၂၄၀)ခု နှင့် 191 Sticker အသေး (၃၄၀၀)ခုတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သတင်းရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)