ဟုမ္မလင်း ဧပြီ ၂၁
ဟုမ္မလင်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော ၂၀၂၂-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု (ဝါးအခြေပြု)သင်တန်းဖွင့်ပွဲကို ဧပြီ(၂၁)ရက်၊ နံနက်(၉)နာရီခွဲအချိန်က ဟုမ္မလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲဝင်းနှင့် ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်တင်ယုမေတို့က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ မြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးဟန်မင်းဆွေက ကျေးလက်နေ ပြည်သူများအလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေပြီး၊ မိသားစုဝင်ငွေများတိုးပွားစေရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ တက်ရောက်လာကြသော သင်တန်းသား/သူများက တစ်ဦးချင်း မိတ်ဆက်စကား ပြောကြားကြခဲ့သည်။
အဆိုပါသင်တန်းကို ဧပြီလ(၂၁)ရက်နေ့မှ (၃၀)ရက်နေ့အထိဖြစ်ပြီး သင်တန်းဆရာများက စာတွေ့/လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကာ၊ သင်တန်းသား/သူ (၁၅)ဦး တက်ရောက်ကြမည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲဝင်း၊ ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်တင်ယုမေ၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးဟန်မင်းဆွေနှင့် ရုံးဝန်ထမ်းများ၊ ဌာနဆိုင် ရာအကြီးအကဲများ၊ သင်တန်းသား/သူများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက် ခဲ့ကြကြောင်း သိရသည်။
ဟုမ္မလင်း(ပြန်/ဆက်)