နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အော်ဂင်တီးသင်တန်းဖွင့်လှစ်

နတ်မောက် ဧပြီ ၂၁

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် (Youth Club)  တို့ပူးပေါင်း၍ ယမန်နေ့ ညနေ ၃ နာရီ အချိန်က အော်ဂင်တီးသင်တန်းကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က နွေရာသီ အားလပ်ရက်များတွင် လူငယ်များအချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဂီတပညာသည် ပြည်သူလူထုအတွင်း အလွယ်ကူဆုံးအထိရောက်ဆုံး စွဲမြဲထိုးဖောက်နိုင်သော အနုပညာတစ်ရပ်ဖြစ်ကြောင်း၊ လူငယ်လူရွယ်များ အနုပညာစွမ်းပကားများ ထွန်းကားလာစေရန်၊ ခေတ်နှင့်အညီ အတီးအမှုတ်နှင့် ပတ်သက်သည့်တူရိယာများကို ပိုင်ပိုင်နိုင်နိုင် အသုံးချတတ်စေရန်၊ အနုပညာအမွေအနှစ်များကို တန်ဖိုးထားချစ်မြတ်နိုးသည့် အနာဂတ်လူငယ်များဖြစ်လာစေရန် ရည်ရွယ်ချက်များဖြင့် အော်ဂင်တီးသင်တန်း ဖွင့်လှစ်ရခြင်းဖြစ် ကြောင်းရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် သင်တန်းနည်းပြဆရာ ရောင်စဉ်က တီးလုံးတီးကွက်များ၊  အော်ဂင်တီးရာတွင် လက်ကွက်နှင့် တီးလုံးအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး အော်ဂင်တီးခြင်းကို သင်ကြားခဲ့ရာ သင်တန်းသား/သင်တန်းသူ (၂၅)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၅)ရက်ကြာ ဖွင့်လှစ်သင်ကြားသွားမည် ဖြစ်ကြောင်း သိရသည်။

လှဝင်း