လွိုင်ကော် ဧပြီ ၂၁
၂၀၂၂-၂၀၂၃ ပညာသင်နှစ် လူရည်ချွန်စခန်းအသီးသီးသို့ သွားရောက်မည့် ကယားပြည်နယ် လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများကို ပြည်နယ်ဝန်ကြီးချုပ်မှ တွေ့ဆုံအမှာစကား ပြောကြားခြင်းနှင့် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန် က ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အုပ်ချုပ်သူဆရာ၊ ဆရာမများနှင့် လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများက တစ်ဦးချင်းအလိုက် မိတ်ဆက်စကား ပြောကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကား ပြောကြားရာတွင် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်၏ မူဝါဒများနှင့်အညီ ပြည်နယ်အတွင်း ပညာရည် မြင့်မားရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လူရည်ချွန် စီမံကိန်းသည် အနာဂတ်တွင် နိုင်ငံအကျိုးပြုလုပ်ငန်းများ၌ ပါဝင်ဆောင်ရွက်နိုင်သည့် နိုင်ငံ့သားကောင်းများ ပေါ်ပေါက်လာစေရန်နှင့် ဘက်စုံပညာထူးချွန်သည့် လူ့စွမ်းအား အရင်းအမြစ်များ ပေါ်ထွန်းလာစေရန်အတွက် အသိပညာ၊ အတတ်ပညာနှင့် ဗဟုသုတ ပြည့်စုံသည့် ကျောင်းသားလူငယ်များကို ပြုစုပျိုးထောင်ပေးခြင်းဖြစ်ကြောင်း၊ နိုင်ငံ့သားကောင်း၊ သမီးမွန်များ အနေဖြင့် နိုင်ငံအတွက် အားထားရသော ခေါင်းဆောင်ကောင်းများ၊ နိုင်ငံတော်ကို အလုပ်ကျွေး ပြုကြမည့် သူများဖြစ်အောင် ကဏ္ဍပေါင်းစုံ၊ ဘက်ပေါင်းစုံတွင် စံပြအဖြစ် ကြိုးစားဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက လူရည်ချွန်စခန်းအသီးသီးသို့ သွားရောက်မည့် အုပ်ချုပ်သူ ဆရာ၊ ဆရာမများနှင့် လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများအား ထောက်ပံ့ငွေများ အသီးသီးပေးအပ်ခဲ့ကြရာ အုပ်ချုပ်သူ ဆရာ၊ ဆရာမများနှင့် လူရည်ချွန် ကျောင်းသား ၊ ကျောင်းသူများက လက်ခံရယူခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အုပ်ချုပ်သူ ဆရာ၊ ဆရာမများနှင့် လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက် အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)