ဘားအံ ဧပြီ ၂၁
ဒေသတွင်းခရီးသွားလုပ်ငန်း အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ကရင်ပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ၏ (၄/၂၀၂၃)အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်က ပြည်နယ်အစိုးရ အဖွဲ့ရုံးအစည်းအဝေးခန်းမ(၃)၌ ကျင်းပသည်။
အစည်းအဝေးတွင် ကရင်ပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ပြည်နယ်၏ မြို့တော်ဘားအံမြို့အား သန့်ရှင်းသာယာလှပသော ခရီးသွားမြို့တော်ဖြစ်စေရေး ကော်မတီဝင်များအားလုံး ဝိုင်းဝန်းအကြံပြု ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ ခရီးသွားပြည်သူများ၏ အသံကို နားထောင်၍ ထပ်မံဖြည့်ဆည်းဆောင်ရွက်ပေးရမည့် ကိစ္စရပ်များကို ထည့်သွင်းစဉ်းစားဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ရှိပြီးသားခရီးစဉ်ဒေသများကို တိုးချဲ့ပြုပြင်ပြီး ပြည်နယ်၏ သဘာဝအခြေခံ အရင်းအမြစ်များကို အသုံးပြု၍ ခရီးသွားလုပ်ငန်း ဆက်လက်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြစေလိုကြောင်း၊ ခရီးသွားလုပ်ငန်းနှင့် MSMEs လုပ်ငန်းများကို ချိတ်ဆက်ဆောင်ရွက်နိုင်ရန် အားပေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ခရီးသွားရာသီဖြစ်သော် လည်း ပတ်ဝန်းကျင်နိုင်ငံများတွင် ကိုဗစ်-၁၉ ရောဂါ ပိုးကူးစက်ဖြစ်ပွားမှုများ ပြန်လည်တွေ့ရှိလာရသည့်အတွက် ကိုဗစ်ဆိုင်ရာစည်းကမ်းချက်များနှင့်အညီ ပြန်လည်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်က ပြည်နယ်အတွင်း ခရီးသွားဧည့်သည်ဝင်ရောက်မှုကို ကော်မတီဝင်များပေါင်းစပ်ညှိနှိုင်း၍ စာရင်းကောက်ယူပြုစုပေးရန် ဆွေးနွေးတင်ပြပြီး ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီအတွင်းရေးမှူး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးဦးသက်လင်းက ယခင်အပတ်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှုနှင့် (၄/၂၀၂၃)အစည်းအဝေးတွင် ဆုံးဖြတ်အတည်ပြုရမည့် ကိစ္စရပ်များကို Power Point အသုံးပြုရှင်းလင်းတင်ပြသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသူများက ဆွေးနွေးတင်ပြချက်များအပေါ် ဝိုင်းဝန်းအကြံပြု ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ နိဂုံးချုပ် အမှာစကားပြောကြားသည်။
အခမ်းအနားအပြီးတွင် ကရင်ပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၃ ခုနှစ် အာဆီယံခရီးလုပ်ငန်းစံနှုန်းဆုအဖြစ် ဘားအံမြို့၊ အမှတ်(၁)ရပ်ကွက်၊ အထက(၁)ကျောင်းလမ်းရှိ တက်နေဝင်းအဆင့်မြင့်ရုပ်ရှင်ရုံမှ အများပြည်သူ သုံးသန့်စင်ခန်း(PUBLIC TOILET)အတွက် ရရှိခဲ့သော အာဆီယံ အများသုံးသန့်စင်ခန်းစံနှုန်းဆုအား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)