ကံမ ဧပြီ ၂၁
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများမှ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အလပ်လယ်ကျေးရွာအုပ်စု ဆုံကုန်းကျေးရွာမှ ပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် (၁)နာရီက ဆုံကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျေးရွာနေပြည်သူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါ တွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှုး ရဲမှူးခင်ဝင်းဇော်နှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်ဦးတို့က ဒေသဖွံ့ဖြိုးရေး၊ တရားဥပဒေစိုးမိုးရေး၊ နယ်မြေလုံခြုံရေးတို့အား ပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၃) ဦးတင်အောင်ဝင်းက လူဦးရေကောက်ယူခြင်းဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဌာနဆိုင်ရာများမှ မိမိတို့သက်ဆိုင်ရာ ကဏ္ဍအလိုက် ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ပေးမှု အခြေအနေများအား ပြောကြားကြပြီး ဒေသခံပြည်သူများ၏ သိရှိလိုသည့် မေးမြန်းချက်များအား တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြသည်။ တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် ပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန မြို့နယ်ဦးစီးမှုးရုံးမှ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးခြင်း၊ ကျန်းမာရေးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများ ဆောင်ရွက်၍ ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း၌ ဌာနဆိုင်ရာဝန်ထမ်းများက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)