ငွေဆောင် ဧပြီ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့အား တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားချက်နှင့်အညီ အမှိုက်ကင်းစင်သော မြို့တော်ဖြစ်ပေါ်လာစေရေးအတွက် ဌာနဆိုင်ရာများမှ မြို့သန့်ရှင်းရေးအား အလေးထားဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၇း၀၀ နာရအချိန်က ငွေဆောင်မြို့ဝင် စစ်ဆေးရေးဂိတ် (၂၆ မိုင် ၁ ဖာလုံ) မှ ၂၉ မိုင်အထိ ခရီးအကွာအဝေး ၂ မိုင်နှင့် ၇ ဖာလုံအားအဖွဲ့များခွဲ၍ အမှိုက်ကောက်သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အုပ်ချုပ်ရေးမှူးဦးသိန်းဇော်၏ စီမံဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ မြို့စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ ရပ်/ကျေးအုပ်ချုပ်ရေး၊ မီးသတ်တပ်ဖွဲ့၊ ကမ္ဘာလှည့်ရဲတပ်ဖွဲ့၊ ငွေဆောင်ဟိုတယ်ဇုန်မှဝန်ထမ်းများ စုပေါင်းကာ စုစုပေါင်း လူအင်အား (၃၀) ခန့်ဖြင့် အဖွဲ့(၅) ဖွဲ့ခွဲ၍ မြို့သန့်ရှင်းရေးအား ဆောင်ရွက်ကြခြင်းဖြစ်သည်။ မြို့ဝင်ဂိတ်မှစတင်၍ စုပေါင်း၍ အမှိုက်ကောက်လာကြပြီး ခရီးအကွာအဝေး (၃) ဖာလုံခန့်အရောက်တွင် အဖွဲ့(၅)ဖွဲ့ ဖွဲ့ကာ တစ်ဖွဲ့လျှင်(၆)ယောက်နှင့် (၄)ဖာလုံစီ ခွဲကာဆက်လက် ကောက်ကြကြောင်း သိရသည်။ တစ်ဖွဲ့လျှင် အမှိုက်ကောက်ရမည့် ဧရိယာ(၄)ဖာလုံစီ သတ်မှတ်ပေးပြီး အမှိုက်ကောက်မည့်သူများအား မိမိတို့လုပ်ဆောင်ရမည့် နေရာများသို့ ကားဖြင့် အကြိုအပို့လုပ်ဆောင်ပေးကြောင်း သိရသည်။
အမှိုက်ကောက်အဖွဲ့များမှလည်း မိမိတို့အား အမှိုက်ကောက်ရန် သတ်မှတ်ထားသည့် ပုသိမ် - ငွေဆောင် ကားလမ်းမကြီး လမ်းဘေးဝဲယာ တစ်လျှောက်ရှိ ပလတ်စတစ်အမှိုက်များ၊ တစ်ရှူးစများပါမကျန် ကောက်ခဲ့ကြပြီး မြို့သန့်ရှင်းရေးအား အလေးထား ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ငွေဆောင်မြို့အား Clean City, Green City, Smart City ဖြစ်ပေါ်လာစေရန်အတွက် မြို့အုပ်ချုပ်ရေးမှူးဦးသိန်းဇော်၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများမှ မြို့သန့်ရှင်းသာယာလှပရေးအား စနစ်တကျစုပေါင်း လုပ်ဆောင်သွားကြမည် ဖြစ်ကြောင်း သတင်းရရှိသည်။
ငွေဆောင်