မြို့သစ် ဧပြီ ၂၁
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ စားသောက်ကုန်ပစ္စည်းများ ဝယ်ယူစားသုံးရာတွင် အဆင်ပြေစေရန်နှင့် FDA နေပြည်တော်မှ စားသုံးရန်မသင့်သည့် တားမြစ်ထားသော စားသောက်ကုန်အမှတ်တံဆိပ်(၂)မျိုးအား ဒေသခံပြည်သူများ သိရှိနားလည်းသဘောပေါက်စေရန်အတွက် အသိပညာပေးဆွေးနွေးဟောပြောခြင်းကို မြို့သစ်မြို့စည်ပင်သာယာစျေးတွင် ယမန်နေ့ နေ့လည်(၂)နာရီက သွားရောက်၍ အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်း၍ အသိပညာပေးဆွေးနွေးရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဆယ်မောင်က စားသုံးသူသည် စျေးအတွင်း/အပြင်ရှိ စျေးဆိုင်များတွင် စျေးရောင်းချသူများလည်း စားသုံးသူများဖြစ်ကြောင်း၊ မိမိ၏စျေးဆိုင်တွင်ရှိသည့် အစားအသောက်များကို ဝယ်ယူစားသောက်ခြင်းမပြုရသော်လည်း ကျန်အစားအသောက်များကို အခြားဆိုင်များက ဝယ်ယူစားသောက်ကြသည့် စားသုံးသူများပင်ဖြစ်ကြောင်း၊ FDA က စားသုံးရန်မသင့်သည့် တားမြစ်ထားသော စားသောက်ကုန်များအကြောင်းနှင့် စားသောက်ကုန်လုပ်ငန်းရှင်များမှ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ဆေးဝါးနှင့်စားသောက်ကုန်ပစ္စည်းများ ဝယ်ယူရာတွင် အခက်အခဲမဖြစ်စေရေးနှင့် သတ်မှတ်ကာလ ပေါက်ဈေးထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ကြရန်၊ ရောင်းချခြင်းမပြုရန် တားမြစ်ထားသော စားသောက်ကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချမှုအား စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ကြောင်း အသိပညာပေး ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။
သန်းဝင်းထွန်း (ပြန်/ဆက်)