ပခုက္ကူမြို့၌ စားသောက်ကုန်များ ဘေးကင်းလုံခြုံစိတ်ချစေရေးနှင့် ထိခိုက်နစ်နာမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး

ပခုက္ကူ  ဧပြီ ၂၁

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ စျေးကွက်အတွင်း ရောင်းချလျက်ရှိသောစားသောက်ကုန်များ ဘေးကင်းလုံခြုံစိတ်ချစေရေးနှင့် စားသုံးသူပြည်သူများအား ထိခိုက်နစ်နာမှုမရှိစေရေးတို့အတွက် မြို့ပေါ်ရပ်ကွက်များရှိ ကုန်စုံဆိုင်နှင့်စတိုးဆိုင်များ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းကို ယနေ့နံနက် ၁၀နာရီအချိန်က ဆောင်ရွက်ကြသည်။

အဆိုပါကွင်းဆင်းစစ်ဆေးမှုကို ပခုက္ကူခရိုင် စာသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်၏ ဦးဆောင်မှုဖြင့် ဝန်ထမ်းများလိုက်ပါပြီး ပခုက္ကူမြို့ပေါ်ရပ်ကွက်များအတွင်းရှိ စျေးဆိုင်များ၊ စတိုးဆိုင်များတွင် ရောင်းချလျက်ရှိသောစားသောက် ကုန်ပစ္စည်းအမျိုးမျိုးတို့၌ဖော်ပြထားသည့် ကုန်ပစ္စည်းအမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်အလေးချိန် ပမာဏများနှင့် ကိုက်ညီမှုရှိ/မရှိ၊ နိုင်ငံတော်က တရားဝင်ထုတ်ပြန်ထားသော စားသုံးရန်မသင့်သည့် စားသောက်ကုန်ပစ္စည်းများ ရောင်းချခြင်းရှိ/မရှိ၊ သက်တမ်းလွန်စားသောက်ကုန်များ ရောင်းချခြင်းရှိ/မရှိအခြေအနေတို့ကို တိုက်ဆိုင်စစ်ဆေးခြင်း၊ စားသုံးသူရေးရာဥပဒေတွင်ပြဌာန်းထားသည့် ကုန်ပစ္စည်း (၉)မျိုးတို့၌ မြန်မာဘာသာဖြင့်ဖော်ပြမှသာရောင်းချကြရန်၊ သက်တမ်းလွန်နှင့် မှိုတက်နေသည့်စားသောက်ကုန်များရောင်းချခြင်းမပြုကြရန်တို့ကို အသိပညာပေးရှင်းလင်းခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)