ကရင်ပြည်နယ်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေး

ဘားအံ ဧပြီ ၂၁

၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ကရင်ပြည်နယ်၏ စီးပွားရေးမျှော်မှန်းချက်အနေဖြင့် စုစုပေါင်း ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး(ဂျီဒီပီ)မှာ နှစ်အလိုက်ဈေးနှုန်းအရ ကျပ် ၂၅၈၇ ဒဿမ ၉ ဘီလီယံအကောင်အထည်ဖော်ရန်နှင့် ပုံမှန်ဈေးနှုန်းအရ ၃ ဒဿမ ၆ ရာခိုင်နှုန်း တိုးတက်ရန် ရည်မှန်းထားကြောင်း ယမန်နေ့ နံနက် ၁၀ နာရီခန့်က ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည့် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားမှ သိရသည်။

ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပြည်နယ်အဆင့်ဌာန/အဖွဲ့အစည်းများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များအနေနှင့် ပြည်နယ်အတွင်း ဆန်ဖူလုံမှု၊ စားသုံးဆီ ဖူလုံမှု၊ ပဲမျိုးစုံဖူလုံမှုရှိစေရန် ကျေးလက်အခြေခံစီးပွားရေးဖြစ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများတွင် သမားရိုးကျ ဆောင်ရွက်နေသည့်ပုံစံမှ ခေတ်မီ နည်းစနစ်များဖြင့် သွင်းအားစုများ ထိရောက်စွာအသုံးပြုပြီး အထွက်တိုးအောင် ဆောင်ရွက်ကြရန်၊ ဒေသအလိုက် အဓိက အားသာချက်ရှိသည့် သီးနှံများ စိုက်ပျိုးထုတ်လုပ်ပြီး ပန်းတိုင်အထွက်နှုန်း ရည်မှန်းချက်ပြည့်မီစေရေး တောင်သူများနှင့်စဉ်ဆက်မပြတ်ပူးပေါင်းဆောင်ရွက်ရန်လိုအပ်သကဲ့သို့ ဒေသထွက်ကုန်ကြမ်းများကို တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်နိုင်ရေး၊ ပြည်ပပို့ကုန် ပိုမိုတင်ပို့နိုင်ပြီး သွင်းကုန်အစားထိုးနိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ပြည်သူများ၏ အဓိက လိုအပ်ချက်ဖြစ်သည့် လမ်းပန်းဆက်သွယ်ရေး၊ ရေရရှိရေး၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍများနှင့် လျှပ်စစ်ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး၊ လောင်စာဆီသုံးစွဲမှုလျော့ချနိုင်ရေးနှင့် ထိရောက်သည့် စွမ်းအင်သုံးစွဲမှု စနစ်ဖြစ်စေရေး၊ မြို့ပြဖွံ့ဖြိုးရေးနှင့် သန့်ရှင်းသာယာလှပရေး၊ အားကစားကဏ္ဍမြှင့်တင်ရေး၊ ရိုးရာယဉ်ကျေးမှု၊ ဝတ်စားဆင်ယင်မှုနှင့်ဂီတ၊ အနုပညာနှင့် စာပေတို့ကို မြတ်နိုးထိန်းသိမ်းရေးတို့အတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ကြိုးစားဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ယခင်ဘဏ္ဍာရေးနှစ်အတွင်း စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အားနည်းချက်၊ အားသာချက်များကို သုံးသပ်ပြီး ကြိုတင်ပြင်ဆင်ရမည့်ကိစ္စရပ်များကို စိစစ်သုံးသပ်၍ ပြည်နယ်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ပိုမိုကြိုးစားအားထုတ် လုပ်ဆောင်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်က ကရင်ပြည်နယ်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဘားအံ၊ ကော့ကရိတ်၊ မြဝတီ၊ ဖာပွန်၊ သံတောင်ကြီး၊ ကြာအင်းဆိပ်ကြီး ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌများအား ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ကာ ကဏ္ဍအလိုက် စီမံကိန်းရည်မှန်းချက်များကို လျာထားချက် ပြည့်မီကျော်လွန်ပြီး လက်တွေ့အောင်မြင်အောင်ဆောင်ရွက်ရန်နှင့် မိမိတို့ မျှော်မှန်းထားသည့် ပန်းတိုင်ကို လျှောက်လှမ်းနိုင်ရန် နိုင်ငံတော်က ချမှတ်ထားသည့် မူဝါဒများ၊ လမ်းညွှန်ချက်များနှင့်အညီ အားလုံးက ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။

ကရင်ပြည်နယ်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များတွင် တိုးတက်မှုနှုန်းအနေဖြင့် ပုံမှန်ဈေးနှုန်းအရ လယ်ယာကဏ္ဍကြီးတွင် ၁ ဒဿမ ၄ ရာခိုင်နှုန်း၊ စက်မှုကဏ္ဍကြီးတွင် ၅ ဒဿမ ၇ ရာခိုင်နှုန်း၊ ဝန်ဆောင်မှုကဏ္ဍကြီးတွင် ၄ ဒဿမ ၄ ရာခိုင်နှုန်း တိုးတက်ရန် ရည်မှန်းထားကြောင်း သတင်းရသည်။

ခရိုင်(ပြန်/ဆက်)