နတ်မောက် ဧပြီ ၂၁
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ယမန်နေ့ ည ၈ နာရီအချိန်ခန့်က လေပြင်းတိုက်ခတ်မှုကြောင့် မိုးနံတောကျေးရွာအုပ်စုအတွင်းရှိ သမှုန်းကုန်းကျေးရွာနှင့် သပြေလှကျေးရွာတို့တွင် လူနေအိမ်များအမိုးလန်ခြင်းနှင့် သစ်ပင်များပြိုလဲခဲ့ကြောင်း သိရသည်။
အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် မိုးနံကျေးရွာအုပ်စု သမှုန်းကုန်းကျေးရွာတွင် လူနေအိမ် (၂၇)လုံးနှင့် သပြေလှကျေးရွာတွင် လူနေအိမ် (၄)လုံး၊ စုစုပေါင်း (၃၁)လုံး အမိုးလန်ပျက်စီးခြင်းနှင့် ကျေးရွာအတွင်းရှိ သစ်ပင်ကြီးများ ပြိုလဲပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ပြီး၊ ခန့်မှန်းဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်(၁၁၀၉၃၀၀) ဖြစ် ကြောင်းနှင့် အခြားလူနှင့် တိရိစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။ အဆိုပါ လေပြင်းတိုက်ခတ်ရာနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများ သွားရောက်ခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများအား လိုအပ်သည်များကို ပေါင်းစပ်ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လှဝင်း