သာပေါင်း ဧပြီ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယနေ့ ဧပြီလ ၂၀ ရက်နေ့ မွန်းလွှဲ ၁ နာရီအချိန်က စာအုပ်၊ စာစောင် ချစ်မြတ်နိုးသူများအသင်း (Woman Club) အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ “မေသင်္ကြန်ဟိန်(မြစ်မခ)” ရေးသားသည့် “ဘာပဲဖြစ်ဖြစ် လှအောင်နေပါ၊ စာဖတ်ပါ” အောင်မြင်ရေးစာစုများ(၁၀)စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြသည်။
စာဖတ်ဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်လဲ့လဲ့ဝင်းက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့်စာအုပ်၏ အမှာစာများကိုဦးစွာရှင်းလင်း ပြောကြားခဲ့သည်။ ဆက်လက်၍ (Woman Club) အဖွဲ့ဝင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နုနုလှိုင်က “မေသင်္ကြန်ဟိန်(မြစ်မခ)” ရေးသားသည့် “ဘာပဲဖြစ်ဖြစ် လှအောင်နေပါ၊ စာဖတ်ပါ” “အောင်မြင်ရေးစာစုများ(၁၀)စာအုပ်ပါ” အရာရာတိုင်းအတွက် စာဖတ်ပါ-အမျိုးသမီးတစ်ယောက်က ဖုန်းဆက်ရင်ဖွင့်ရင်း မေးတယ်။ စီးပွားရေးရော၊ မိသားစုရေးရော သောကတွေ အရမ်းများတယ်။ အရမ်းစိတ်ညစ်လွန်းလို့ ဘာသာရေးလည်း မလုပ်ချင်ဘူး၊ စိတ်သက်သာရာရချင်တယ် ဘာလုပ်ရမလဲတဲ့။ ဒါဆို စာဖတ်ပါလို့ ကျွန်မကဆိုလိုက်တော့။ ဖုန်းထဲကအသံ တိတ်သွားတယ်။ ခဏကြာမှတုန့်ပြန်လာတယ် ဘာမှလည်း မဆိုင်ဘူးတဲ့။ ကျွန်မပြုံးမိပါတယ်။ ပြီးမှစိတ်ညစ်တဲ့အခါ စိတ်ဆင်းရဲတဲ့အခါ ညီမဘာလုပ်တတ်လဲလို့ ပြန်မေးမိတယ်။ သူမက ပြောတယ်။ ကျွန်မလား ဘာမှမလုပ်ဘူးတဲ့။ သူမစကားကိုကြားတော့ ကျွန်မပြုံးမိတယ်။ ပြီးတော့ စဉ်းစားမိတယ်။ ဒါဆို သူမက ဒီအတိုင်းထိုင်ပြီး စိတ်ညစ်ခံနေတာလား… ဒါမှမဟုတ် ကိုယ့်ကိုစိတ်ညစ်စေတဲ့သူ စိတ်သောကရောက်စေတဲ့သူကို တန်ပြန်ပြီးပြဿနာ ပြန်ရှာတာလား။ ဒါမှမဟုတ် သူ့ကို ဘယ်လိုပြန်တိုက်ရမလဲလို့ စဉ်းစားနေတာလား… ဒါမှမဟုတ် သူမကောင်းကြောင်း အခြားသူတွေကို ပြောဆိုရင်ဖွင့်တာလား…။ ဒါမှမဟုတ် ဘုရားပဲ ထိုင်ရှိခိုးနေသလား။
တစ်ခုခုတော့ လုပ်နေပါလိမ့်မယ်။ သေချာတာကတော့ စိတ်ညစ်နေချိန်၊ စိတ်သောကရောက်နေချိန်၊ စိတ်ဓါတ်ကျနေချိန်မှာ စာမဖတ်ဖူးဘူးဆိုတာပါပဲ။ အဲဒါနဲ့ကျွန်မရဲ့ အတွေ့အကြုံ ပြောပြမယ်ဆိုပြီး လွန်ခဲ့တဲ့ ၂၀၀၄-၂၀၀၅ လောက်တုန်းက ဖိစီးမှုတွေ များလွန်းလို့ စိတ်ဓါတ်ကျပြီး ကိုယ့်ကိုယ်ကို သတ်သေဖို့တောင် ကျွန်မစဉ်းစားခဲ့ဖူးတယ်။ စိတ်ဓါတ်ကျတာ ဘာသာရေးကို အာရုံစိုက်ပေမဲ့ စိတ်ဓါတ်ကျတာလျော့မသွားခဲ့ဘူး။
အဲဒီလိုအချိန်မှာ စိတ်ပြေလက်ပျောက်အနေနဲ့ ဆရာတော်ဦးဇောတိကရဲ့ အရှုပ်ထဲမှာ ရှင်းအောင်နေဆိုတဲ့စာအုပ်ကို မိတ်ဆွေကဖတ်ဖို့ ညွှန်းလို့ဖတ်ခဲ့မိတယ်။ အဲဒီစာ အုပ်ဖတ်လိုက်တဲ့အခါ စိတ်ပင်ပန်းလွန်းရင် down ဖြစ်တယ်ဆိုတာကို နားလည်သွားခဲ့ရတယ်။ nervous break အဲဒီလို ဖြစ်လာရင် ကိုယ့်စိတ်နဲ့ မဆင်မပြေတာတွေ ချည်းပဲဖြစ်သွားပြီး ဘာလုပ်လုပ်အဆင်မပြေ၊ဘယ်သူ့ကိုမှလည်း အကောင်းမမြင်ပဲနဲ့ စိတ်ညစ်စရာတွေချည်းပဲ ကြုံရတော့တယ်။ ဒါတွေကတကယ်တော့ ဘယ်သူ့ကြောင့်မှ မဟုတ်ဘူး ကိုယ့်စိတ်ကြောင့် ကိုယ့်ရဲ့စိတ်ခံစားချက်တွေ စိတ်အတွေးတွေကြောင့် ဖြစ်တာပါလားဆိုတာကို ဆရာ တော်ရဲ့ စာအုပ်ကိုဖတ်ပြီး သိလိုက်ရတော့၊ ကျွန်မရဲ့အတွေးအခေါ် ပြောင်းသွားခဲ့ရတယ်။ ကျွန်မက အရင်ကတည်းက စာဖတ်ပါတယ်။ဒါပေမဲ့ စိတ်ညစ်နေရင် အခြားအရာတွေထက် စာဖတ်ပြီး စိတ်ခွန် အားယူရတာပိုလွယ်ပြီး စိတ်ခွန်အားရလွယ်တယ်ဆိုတာကိုတော့ အဲဒီအချိန်ကြမှ သိရနားလည်ရတယ်။ အဲဒီအချိန်ကစပြီး ကျွန်မက စိတ်ထဲရှုပ်ထွေးလာရင်လည်း စာဖတ်ပါတယ်။ စိတ်ဖိစီးနေရင်လည်း စာဖတ်ပါတယ်။ စိတ်ဆင်း ရဲလွန်းနေရင်လည်း… စာဖတ်ပါတယ်။ အဲဒီလိုစာဖတ်ရင်းနဲ့ကိုယ့်မှာ စိတ်ဖိစီးမှုတွေကြောင့် ကျဆင်းသွားတဲ့ ယုံကြည်မှုတွေ ပြန်တက်လာခဲ့တယ်။ စိတ်ထဲမှာတည်ငြိမ်ပြီး အခြေအနေကို စိတ်အေးအေးနဲ့သုံး သပ်လာနိုင်တယ်။ ကိုယ့်ကိုယ်ကို မှန်ကန်တဲ့အတွေးတွေနဲ့ ရှင်သန်ဖို့ဆိုရင် စာဖတ်ဖို့လိုတယ်ဆိုတာ သိလာရတယ်။ အဲဒီအချိန်ကစပြီး
ခင်ပွန်းနဲ့ အဆင်မပြေဘူးလား. . . စာဖတ်ပါ။ သားက စကားနားမထောင်ဘူးလား. . . စာဖတ်ပါ။ သမီးက အရွဲ့တိုက်နေလား. . . စာဖတ်ပါ။
စီးပွားရေးအကြပ်အတည်းတွေ့နေလား. . . စာဖတ်ပါ။ လူမှုရေးမှာ အဆင်မပြေဖြစ်နေလား. . . စာဖတ်ပါ။ ကျန်းမာရေးအတွက် သောကရောက်နေလား. . . . စာဖတ်ပါ။
စိတ်ဓါတ်ကျနေသလား. . . စာဖတ်ပါ။
စိတ်သောကများနေလား. . . စာဖတ်ပါ။ နောက်ဆုံးသတ်သေချင်တဲ့ စိတ်ဝင်နေတယ်ဆိုရင် တော့.... စာတစ်အုပ်တော့ ဖြစ်အောင်ဖတ်ပါလို့တိုက် တွန်းချင်မိတယ်။ စာဖတ်ခြင်းဟာ အသက်အရွယ်မရွေး၊ ကျားမမရွေး၊ ဆင်းရဲချမ်းသာမရွေး၊ လူမျိုးဘာသာမရွေး အားလုံးအတွက် စိတ်ဓါတ်ခွန်အားပေးနိုင်ဆုံးကိစ္စရပ်ပါ။ ကျွန်မကတော့ အရာရာတိုင်းအတွက် စာဖတ်ပါတယ်။ ကျေးဇူးတင်ပါတယ်။ စသည်ဖြင့် ဦးဆောင်ဖတ်ကြားဆွေးနွေးရာ အဖွဲ့ဝင်များက အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
သာပေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ဝိုင်းများ၊ အသိပညာပေးဆွေးနွေးပွဲများကို ဆောင်ရွက်ပေးခြင်းသည် စာဖတ်ပရိသတ်လူငယ်၊ လူရွယ်များ၊ ပြည်သူများ စာဖတ်သည့်အလေ့အကျင့် အားကောင်းလာစေရန်၊ စာပေမှရရှိသည့် အသိပညာဖြင့် တစ်ပါးသူအား မျှဝေပေးနိုင်ရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
မျိုးဇော်သိန်း
သာပေါင်း (ပြန်/ဆက်)