ပွင့်ဖြူမြို့နယ်၌ ပြည်သူများ  အစားအစာဘေးကင်းလုံခြုံစေရေးအတွက် ကျန်းမာရေးဆိုးကျိုးဖြစ်စေသည့် စားသောက်ကုန်ပစ္စည်းများ  ရောင်းချခြင်းမရှိစေရေး ကွင်းဆင်းစစ်ဆေး

ပွင့်ဖြူ ဧပြီ ၂၁

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ စားသောက်ကုန်ပစ္စည်းများ ဝယ်ယူစားသုံးရာ၌ အစားအစာ ဘေးကင်းလုံခြုံစေရန်နှင့် စနစ်တကျ ဝယ်ယူစားသုံးတတ်စေရန် ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ယမန်နေ့ ညနေ ၃ နာရီက မြို့မစည်ပင်သာယာဈေးနှင့် ရပ်ကွက်များရှိ  စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များသို့ သွားရောက်ပြီး ကျန်းမာရေးဆိုးကျိုးဖြစ်စေသည့် စားကုန်ပစ္စည်းများ ရောင်းချနေမှု ရှိ၊ မရှိ ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့်   ကျန်းမာရေးဌာန၊  စည်ပင် သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့မှ ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ပွင့်ဖြူမြို့မစည်ပင်သာယာဈေး အတွင်းအပြင်ရှိ စားသောက်ကုန်ပစ္စည်းအရောင်းအဆိုင်များနှင့် ရပ်ကွက်များရှိ ဈေးဆိုင်များသို့  သွားရောက်ပြီး လုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ  စားသောက်ကုန် ပစ္စည်းများ ရောင်းချရာ၌ အစားအစာ ဘေးကင်းလုံခြုံစေရေးအတွက် ဓာတုဆိုးဆေးများ ပါဝင်သော စားကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချခြင်းမပြုရန်၊ သက်တမ်းလွန်နေသော စားသောက်ကုန်များ ရောင်းချခြင်းမပြုရန်၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ အစားအသောက်ကုန်ပစ္စည်း (၁၁) မျိုးအား စားသုံးရန် သင့်၊ မသင့် ဓာတ်ခွဲစမ်းသပ်စစ်ဆေးရာ၌ တွေ့ရှိခဲ့သည့် Sodium Cyclamate သတ်မှတ်ပမာဏထက် ကျော်လွန်နေသည့် စားကုန်ပစ္စည်း(၂)မျိုး စစ်ဆေးတွေ့ရှိရသဖြင့် ယင်း စားကုန်ပစ္စည်းအား ဈေးကွက်၌ ဖြန့်ဖြူးရောင်းချမှု ရှိ၊ မရှိ ရှာဖွေစစ်ဆေးခဲ့ကြပြီး ပြည်သူလူထုအတွက် ကျန်းမာရေးဆိုးကျိုးဖြစ်စေသည့် စားကုန်ပစ္စည်းများ ရောင်းချခြင်းမပြုရန် အကြံပြုဆွေးနွေးကာ ရောင်းချခြင်းမပြုရန် တားမြစ်ထားသောစားကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချခြင်းကို စစ်ဆေးတွေ့ရှိပါက သက်ဆိုင်ရာ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားဟု ရှင်းလင်းဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ပြည်သူများ အစားအစာ ဘေးကင်းလုံခြုံစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က မြို့မစည်ပင်သာယာဈေးအပါအဝင် မြို့နယ်အတွင်းရှိ ဆေးဝါးနှင့် စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များကို သွားရောက်ကာ လုပ်ငန်းရှင် များအားတွေ့ဆုံ၍ လိုက်နာရမည့် စည်းကမ်းချက်များနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကို အသိပညာပေးဆွေးနွေးခြင်း၊ ရောင်းချခြင်း မပြုရန် တားမြစ်ထားသော ဆေးဝါးနှင့် စားသောက်ကုန်ပစ္စည်းများ ရောင်းချခြင်း ရှိ/မရှိ ကြပ်မတ် စစ်ဆေးခြင်းတို့ကို အရှိန်အဟုန်မပျက် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စားသုံးသူရေးရာဦးစီးဌာန တာဝန်ခံ ဒေါ်ဌေးဌေးဝင်းက ပြောပြာ၍ သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )