ရေပုတ်ကြီးကျေးရွာ၌ ဆံရစ်ဝိုင်းလူငယ်အဖွဲ့မှ အသက်ကြီးဘိုးဘွားများအား နေအိမ်အရောက် ပူဇော်ကန်တော့ပွဲ ကျင်းပ

မင်းဘူး ဧပြီ ၂၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာ၌ ဆံရစ်ဝိုင်းလူငယ်အဖွဲ့မှ ရွာရှိ အသက်ကြီး အဘိုး၊ အဘွားများအား နေအိမ်အရောက် သွားရောက်ပူဇော် ကန်တော့ခဲ့ကြောင်း ဆံရစ်ဝိုင်း လူငယ်အဖွဲ့ခေါင်းဆောင် မပြုံးလေးထံမှ သိရသည်။

ရေပုတ်ကြီးကျေးရွာသည် အသက်ကြီး အဘိုးအဘွားများအား နှစ်စဉ်နှစ်တိုင်း ပူဇော်ကန်တော့ လာခဲ့ကြသည်မှာ (၈) နှစ်တိုင် ကြာခဲ့ပြီဖြစ်ပြီး ယခုနှစ်တွင် အစ်မကြီး ဒေါ်ခင်အုံးမြင့်မှ ဦးဆောင်ကာ မပြုံးလေးနှင့် ဆံရစ်ဝိုင်း လူငယ်လေးများက အသက် (၇၅) နှစ်အထက် အဘိုးအဘွား (၆၇) ဦးအား တစ်ဦးလျှင် ငွေကျပ် ၁၀၀၀၀ စီ ထောက်ပံ့ လှူဒါန်းခဲ့ကြသည်။

“ကျွန်တော်တို့ရွာမှာ ဆံရစ်ဝိုင်း လူငယ်အဖွဲ့က အသက်ကြီး အဘိုးအဘွားများအား ကန်တော့လာခဲ့ကြတာဟာ ယခုနှစ်နဲ့ဆို (၈) နှစ် ရောက်ရှိခဲ့ပြီဖြစ်ပါတယ်။ မြန်မာတို့ရဲ့ ဓလေ့ထုံးစံအရ သီတင်းကျွတ်၊ တန်ခူးလနှင့် အခါကြီး၊ ရက်ကြီးများတွင် ပူဇော်ကန်တော့လေ့ရှိကြပြီး အဘိုးအဘွားတွေရဲ့ ဆိုဆုံးမစကားများကိုလည်း နာယူမှတ်သားလျက် ရှိကြပါတယ်” ဟု ရေပုတ်ကြီးကျေးရွာမှ ရပ်မိ၊ ရပ်ဖတစ်ဦးဖြစ်သူ ဦးစိန်ဌေးက ပြောပြသည်။

ဇေယျာထက်(မင်းဘူး)