စေတုတ္တရာ ဧပြီ ၂၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ယမန်နေ့ နံနက်(၁၀)နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ တိုင်းရင်းသားများစာပေနှင့် ယဉ်ကျေးမှုကြီးကြပ်မှုကော်မတီမှ ကြီးမှူးကျင်းပသည့် အရှို(ချင်း)စာပေ အခြေခံဆရာဖြစ်သင်တန်း အပတ်စဉ်(၅)နှင့် ဥ(ပ်)ပူး(ချင်း)စာပေ အခြေခံ မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားကို စေတုတ္တရာမြို့နယ်၊ အလက(ခွဲ) မွန်ဇော်မှ အရှိုချင်း ကျောင်းသား၊ ကျောင်းသူလေးများ၏ ဝါးညပ်အကဖြင့် ဖွင့်လှစ်ခဲ့ပြီးတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးကိုယ်စား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် ဦးသောင်းစိန်မှ တိုင်းရင်းသားစာပေ ကိစ္စရပ်များ ဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဦးသန်းမြိုင်မှ လူမျိုး၊ စာပေနှင့်ယဉ်ကျေးမှုကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရန်လိုကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး အရှိုချင်းတိုင်းရင်းသားစာပေ နာယက ဦးအောင်နိုင်မှ စေတုတ္တရာမြို့နယ်အတွင်းရှိ ချင်းစာပေသင်ကြားရခြင်း ကိစ္စရပ်များအား ဆေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍ ဥ(ပ်)ပူးချင်း စာပေတာဝန်ခံ ဆရာဦးလှမောင်မှ တိုင်းရင်းသားစာပေ ကိစ္စရပ်များ ဆွေးနွေးပြောကြားခဲ့ပြီး အရှိုချင်းတိုင်းရင်းသား စာပေတာဝန်ခံ ဦးဟန်ထွန်းမှ တိုင်းရင်းသားစာပေသင်တန်း သင်ကြားရာတွင် ကူညီထောက်ပံ့ ပေးသော မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အား ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ထို့နောက် အ.လ.က (ခွဲ) မွန်ဇော်မှ အရှိုချင်း ကျောင်းသား၊ ကျောင်းသူလေးများမှ အရှိုစာပေသီချင်းဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ပြီး ဖျော်ဖြေတင်ဆက် ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူလေးများအား ဆုအသီးသီး ချီးမြှင့်ခဲ့ကြသည်။ ထိုသင်တန်းကို (၇)ရက်တာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
တင်မိုးညွန့် ပြန်/ဆက်