ဓနုဖြူ ဧပြီ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် မြစိမ်းရောင်စီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) မြို့နယ်အဆင့် စီမံကိန်းလုပ်ငန်းစဉ်များဆိုင်ရာ သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့ ဧပြီလ ၂၀ ရက်နေ့ နံနက် (၁၀)နာရီအချိန်က အမှတ်(၂)ရပ်ကွက်၊ အစိုးရပါဋ္ဌိတက္ကသိုလ်၊ တောင်ပေါ်ကျောင်းတိုက်၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးကိုတင့်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ ဓနုဖြူမြို့နယ် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခိုင်ချိုလွင်မှ စီမံကိန်းဆောင်ရွက်မှုလုပ်ငန်းစဉ် အခြေအနေနှင့် စီမံကိန်းအကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြစိမ်းရောင်စီမံကိန်းကျေးရွာများအား တက်ရောက်လာကြသော ဌာနဆိုင်ရာများက ဂုဏ်ပြုမှတ်တမ်းလွှာများချီးမြှင့်ခဲ့သည်။
ဆက်လက်၍ မြစိမ်းရောင်စီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP)များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာမြစိမ်းရောင် စီမံကိန်းလုပ်ငန်း အဖွဲ့ဝင်များနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီဝင်များမှ စီမံကိန်း၌ တွေ့ကြုံရသော အခက်အခဲများ၊ စိန်ခေါ်မှုများ၊ အားနည်းချက်များနှင့် အားသာချက်များအား အကြံပြုချက်ဖော်ထုတ် သိရှိနိုင်စေရေး အဖွဲ့လိုက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်မြစိမ်းရောင် စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များ၊ ကျေးရွာမြစိမ်းရောင်စီမံကိန်းလုပ်ငန်း အဖွဲ့ဝင်များ၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကော်မတီဝင်များ စုစုပေါင်း(၁၉၄)ဦး တက်ရောက်ခဲ့ကြကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)