လွိုင်ကော် ဧပြီ ၂၀
၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပရာ ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကားပြောကြားရာတွင် ပြည်နယ်၏ဒေသန္တရစီမံကိန်းဥပဒေပါ ရည်မှန်းချက်များနှင့် လုပ်ငန်းစီမံကိန်းများသည် ပြည်သူ လူထုဗဟိုပြု ဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်ကြောင်း၊ ပြည်နယ်စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးအတွက် ထုတ်လုပ်မှုလုပ်ငန်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများ စွမ်းအားပြည့် လည်ပတ်နိုင်ရေးသည် အရေးကြီးကြောင်း၊ ဒေသတွင်းရှိ (MSMEs) စီးပွားရေးလုပ်ငန်းများ ပုံမှန်ရေရှည် လည်ပတ် နိုင်ရေးအတွက် အားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကျေးလက်ဒေသ အခြေခံစီးပွားရေး ဖြစ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို ခေတ်မီနည်းစနစ်များနှင့် သွင်းအားစုများကို ထိရောက်စွာအသုံးပြုပြီး ပန်းတိုင်အထွက်နှုန်း ပြည့်မီရေးနှင့်အရည်အသွေး ကောင်းမွန်ရေးတို့ကို ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်နယ်၏လူမှု၊ စီးပွားဖွံ့ဖြိုးတိုးတက်မှု အရှိန်မြှင့်တင်နိုင်ရန်အတွက် ဒေသန္တရစီမံကိန်းဥပဒေပါ ရည်မှန်းချက်များကို သတ်မှတ်ချက်များနှင့်အညီ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းများ ရေးဆွဲထားခြင်းအပေါ် ပြည်နယ်စီမံကိန်းဦးစီးမှူးက ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များအား လယ်ယာကဏ္ဍကြီး၊ စက်မှုကဏ္ဍကြီး ဝန်ဆောင်မှုကဏ္ဍကြီးနှင့် ခရိုင်များအလိုက် တာဝန်များ ပေးအပ်ခဲ့ရာ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် လွိုင်ကော်ခရိုင် အုပ်ချုပ်ရေးမှူးတို့က လက်ခံရယူခဲ့ကြကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)