ကျောင်းကုန်း ဧပြီ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲ အခမ်းအနားကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အေးချမ်းသာယာခန်းမ၌ ယနေ့ မွန်းလွဲ ၁ နာရီ ၃၀ အချိန်ခန့်က ကျင်းပ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးဝင်းက စီမံကိန်းတာဝန်ပေးအပ်ခဲ့သည့် ဌာနများထဲမှ ပညာရေးဌာနသည် စီမံကိန်းလုပ်ငန်း အများဆုံးဖြစ်သည့်အတွက် အရည်အသွေးပြည့်မီအောင် ဆောင်ရွက်ကြဖို့လို ကြောင်း၊ အချိန်မီပြီးစီးအောင် ဆောင်ရွက်ကြဖို့လို ကြောင်းပြောကြားခဲ့ပြီး အတွင်းရေးမှူး စီမံကိန်းဦးစီးမှူး ဒေါ်ကေခိုင်ဆွေက ဒေသန္တရစီမံကိန်းရည်မှန်းချက်တွင် ယခင်နှစ်ကထက် ၄.၇% တိုးတက် ရည်မှန်းရေးဆွဲထားကြောင်း၊ ကဏ္ဍအလိုက် ရည်မှန်းချက် များ ပြည့်မီအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးကို သက်ဆိုင်ရာဌာနများမှ ညှိနှိုင်းဆောင်ရွက် ပေးကြပါရန်နှင့် ယခုလစဉ် စာရင်းများကိုလည်း(၂၅)ရက်နေ့အရောက် ပေးပို့ပေးကြရန် မှာကြားခဲ့သည်။
ထို့နောက် ဒေသန္တရစီမံကိန်း ရည်မှန်းချက်တာဝန်အား မြို့နယ်စီမံကိန်းရေးဆွဲအကောင် အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးဝင်း က ပေးအပ်ရာ ဌာနများကိုယ်စား ပညာရေးဌာန၊ စိုက်ပျိုးရေးဌာနနှင့် လမ်းဦးစီးဌာနတို့မှ လက်ခံရယူခဲ့ကြကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)