ကဝ ဧပြီ ၂၀
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ခွေးကိုက်ခံရလျှင် လူနာများအား ခွေးရူးပြန်ရောဂါမဖြစ်ပွားစေရန်အတွက် ယနေ့နံနက်(၁၀)နာရီက ခွေးရူးပြန် ကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်းကို မြို့နယ်ပြည်သူ့ဆေးရုံအတွင်းရှိ ပြင်ပလူနာဌာန၌ ထိုးနှံပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ကဝမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် ဆရာဝန်ကြီး ဒေါက်တာဆွေဇင်ဝင်းက ကြီးကြပ်၍ ကျန်းမာရေးဝန်ထမ်းများက မြို့နယ်အတွင်းရှိ လမ်းပေါ်အမြဲသွားလာနေရသောပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်း များအား ပထမအကြိမ်ဖြင့် အခမဲ့ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။
ခွေးရူးပြန်ရောဂါသည် ခွေးရူးပြန်နေသောတိရစ္ဆာန်မှ ကိုက်ခြင်း၊ ၎င်း၏သွားရည်ထဲမှ ဗိုင်းရပ်စ်များ အနာထဲသို့ ဝင်ရောက်ခြင်းမှ ကူးစက်တတ်ကြောင်း၊ တိရစ္ဆာန်များကို ကိုင်တွယ်ထိန်းကျောင်း ကုသပေးသူများ၊ မွေးကင်းစကလေးငယ်များ၊ အသက်ကြီးသူများ၊ မွေးမြူရေးလုပ်ငန်းများမှ လုပ်သားများ၊ ခုခံအားနည်းသော ဝေဒနာရှင်များနှင့် ကိုယ်ဝန်ဆောင်မိခင်များသည် သာမန်လူများထက်ပို၍ ခွေးရူးရောဂါအပါအဝင် ခွေးနှင့်ကြောင်တို့မှ ကူးစက်သောရောဂါများကို အထူးသတိပြုရန်လိုအပ်ကြောင်း မြို့နယ်ဆရာဝန်ကြီးက ရှင်းလင်းပြောကြားကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)