ပွင့်ဖြူမြို့နယ်တွင် ဘက်စုံထူးချွန်သော လူငယ်မောင်မယ်များ ဖြစ်လာစေရန် လူငယ်ရေးရာ အသိပညာပေး ( Talk Show ) ဆွေးနွေးပွဲ ကျင်းပဆောင်ရွက်

ပွင့်ဖြူ ဧပြီ ၂၀

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဘက်စုံထူးချွန်သော လူငယ်မောင်မယ်များ ဖြစ်လာစေရန်ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်ပွင့်သာ‌မြေ စာအုပ်စာစောင် ချစ်မြတ်နိုးသူများ (Book Club) အဖွဲ့တို့ ပူးပေါင်းပြီး ယနေ့နံနက် ၁၀ နာရီက မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် လူငယ်ရေးရာအသိပညာပေး (Talk Show) ဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

အသိပညာပေးဆွေးနွေးပွဲတွင် ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာထိန်လင်းက ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ်မောင်မယ်များ စာပေအသိလိမ္မာ တိုးပွားစေရေး အားလပ်ချိန်များတွင် စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်များ ဆောင်ရွက်ကြစေလိုကြောင်းနှင့် အသိပညာပေး ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ အနာဂတ် မျိုးဆက်သစ်လူငယ်မောင်မယ်များနှင့် ကျောင်းသား၊ ကျောင်းသူများ ဘက်စုံထူးချွန်ထက်မြက်သော လူတော်‌လူကောင်းများ ဖြစ်လာစေရန်အတွက် ပြုလုပ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ ဆွေးနွေးပွဲတွင် ဦးဆောင်ပါဝင်ဆွေးနွေးသည့် မြို့နယ်ပွင့်သာမြေစာအုပ်စာစောင် ချစ်မြတ်နိုးသူများ  (Book Club) အဖွဲ့မှ အတွင်းရေးမှူး ဆရာကြီးဦးကျော်စိုး(ပညာရေး-ငြိမ်း)က ယနေ့ခေတ် လူငယ်မောင်မယ်များသည် နိုင်ငံတော်ရဲ့ အနာဂတ် မျိုးဆက်သစ်များပင်ဖြစ်၍  ထူးချွန်ထက်မြက်သော လူရည်မွန်ကောင်းများဖြစ်အောင် ကြိုးစားကြဖို့လိုကြောင်း၊ ဘက်စုံထူးချွန်သောသူများ ဖြစ်စေရေးအတန်းပညာတွင် သာမက အသိပညာဗဟုသုတ ကြွယ်ဝစေရန် စာအုပ်စာပေများကိုလဲ ရှာဖွေဖတ်ရှုလေ့လာကြစေလိုကြောင်း၊ တစ်နည်းအားဖြင့် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလ စတဲ့ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့ မြို့နယ်(Book Club)အဖွဲ့အနေဖြင့် ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ်မောင်မယ်များ စာပေအသိလိမ္မာ တိုးပွားစေ‌ရန်အတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်းပြီး စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း၊ လူငယ်များသည်  အချိန်ကို အကျိုးရှိစွာအသုံးချပြီး မိမိဘဝနှင့် အများကောင်းကျိုးအတွက် အမှန်တကယ် အကျိုးရှိသည့်အလုပ်များကိုသာ လုပ်ကိုင်ကြစေလိုကြောင်း၊ ထိုသို့ လုပ်ဆောင်ရာ၌ ရည်မှန်းချက်ပန်းတိုင်ထားရှိပြီး တိုးတက်အောင်မြင်အောင် ဆောင်ရွက်ကြဖို့လိုကြောင်း၊ အလိမ္မာစာမှာရှိ ဆိုသည့်အတိုင်း လိမ္မာရေးခြားရှိစေဖို့ လိုအပ်သဖြင့် အားလပ်ချိန်၌ စာအုပ်စာပေများကို ဖတ်မှတ်ကြဖို့ တိုက်တွန်းလိုကြောင်း စသဖြင့် လူငယ်ရေးရာ သိကောင်းစရာများကို ဆွေးနွေးပြောကြားခဲ့သည်။

ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဒေသခံပြည်သူများ၊ လူငယ်မောင်မယ်များနှင့် ကျောင်းသား၊ ကျောင်းသူများ စာပေအသိပညာ ကြွယ်ဝစေရန်ရည်ရွယ်၍ မြို့နယ်ရုံး လူထုခြေပြုဗဟိုဌာနတွင် ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် မြို့နယ် (Book Club) အဖွဲ့တို့နှင့် ပူးပေါင်းပြီး ယခုကဲ့သို့ အသိပညာပေး (Talk Show) ဆွေးနွေးပွဲများနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲများကို လစဉ်စီစဉ်ကျင်းပ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )